တောင်ကုတ်မှ ရန်ကုန်သို့သွားသော ခရီးသည်တင်ယာဉ် ချောက်ထဲထိုးကျပြီး ၅ ဦးသေဆုံး

တောင်ကုတ်မှ ရန်ကုန်သို့သွားသော ခရီးသည်တင်ယာဉ် ချောက်ထဲထိုးကျပြီး ၅ ဦးသေဆုံး

တောင်ကုတ်၊ စက်တင်ဘာ ၁၉ ရက်။           ။  တောင်ကုတ်မှ ရန်ကုန်မြို့သို့သွားသော ရဲအောင်လံ ခရီးသည်တင် စင်းလုံးငှား အမြန်ယာဉ်သည် စက်တင်ဘာလ ၁၈ ရက်နေ့ ည ၁၀ ဝန်းကျင်အချိန်က ပဲခူးနားတွင် ချောက်ထဲထိုးကျ၍ ခရီးသည် ၅ ဦးသေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း သတင်းရရှိသည်။

တောင်ကုတ်မှ ရန်ကုန်သို့သွားသောယာဉ်သည် ပဲခူးတိုင်းဒေသကြီး၊ ဥသျှစ်ပင်မြို့နယ်၊ ညောင်ကျိုး လေးအိမ်စုကျေးရွာအနီး မိုင်တိုင်အမှတ်(၄၂/၅)နှင့် (၄၂/၆)ကြား နားအရောက်တွင် ပေ ၇၀ ခန့်အမြင့်မှ ချောက်ထဲသို့ ထိုးကျသွားခြင်းဖြစ်သည်။

“တောင်ကုတ်မှာဖြစ်တာမဟုတ်ဘူးဗျ။ ပဲခူးတိုင်းမှာဖြစ်တာ။ တောင်ကုတ်ကကား ပဲခူးတိုင်း ညောင်ကျိုးနားမှာ ဖြစ်တာ။ ချောက်ထဲကျသွားတာတဲ့။ တယ်လီဖုန်းသတင်းအရတော့ ကျား ၃၊ မ ၂ ဦး သေတယ်လို့ကြားတယ်။ ဒဏ်ရာရတဲ့သူ ကများတာပေ့ါ။” ဟု တောင်ကုတ်မြို့မရဲစခန်းမှူး ချစ်ဝေက RiA သို့ပြောသည်။

အဆိုပါ ယာဉ်ပေါ်တွင် ခရီးသည် ၅၁ ဦး၊ ကားသမားအပါအဝင် စုစုပေါင်း ၅၂ ဦး လိုက်ပါလာရာ ယင်းအနက်မှ ၅ ဦးသေဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိသူမည်မျှရှိသည်ကို အသေချာမသိကြောင်း ၎င်းက ဆက်လက်၍ပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် ကျား(၂၆)ဦး၊ မ(၁၆)ဦး၊ ပေါင်း(၄၂)ဦးတို့မှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့၍ ဥသျှစ်ပင်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး အခင်းဖြစ် နေရာတွင် သေဆုံးသူ ကျား(၁)ဦး၊ မ(၄)ဦး၊ ပေါင်း(၅)ဦး တို့၏ ရုပ်အလောင်းများအား ဆယ်ယူနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ယနေ့ မနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

ယင်းအမှုနှင့် ပတ်သတ်၍ ပဲခူးတိုင်းဒေသကြီး၊ အောက်ရွှေပြည်ရဲစခန်းမှ အလုံးစုံဆောင်ရွက်လျှက် ရှိ သည်ဟု သိရ ပြီး ယင်းစခန်းသို့ ဆက်သွယ်ရာတွင်လည်း အဆက်သွယ် မရရှိခဲ့ပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly