၁၉၉၃ ခုနှစ် နှစ်နိုင်ငံသဘောတူညီချက်အရ ဒုက္ခသည်များကို စီစစ်လက်ခံသွားရန် မြန်မာအသင့်ရှိနေ

၁၉၉၃ ခုနှစ် နှစ်နိုင်ငံသဘောတူညီချက်အရ ဒုက္ခသည်များကို စီစစ်လက်ခံသွားရန် မြန်မာအသင့်ရှိနေ

ရန်ကုန် ၊ စက်တင်ဘာလ ၁၉ ။       ။ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသော ဒုက္ခသည်များကို နှစ်နိုင်ငံ သဘောတူထားသည့် ၁၉၉၃ ခုနှစ် သဘောတူညီချက် အရ စီစစ်လက်ခံသွားရန်   မြန်မာနိုင်ငံဘက်မှ အသင့်ရှိနေသည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။ 

ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့၌ နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောဆိုသော အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“မြန်မာက ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတယ်ဆိုတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ တောင်းဆိုနေတာတွေ ရှိပါတယ်။ ဒီဒုက္ခသည်တွေကို ၁၉၉၃ ခုနှစ်ကတည်းက နှစ်နိုင်ငံ သဘောတူညီထားတဲ့ ဒုက္ခသည် စိစစ်ရေး လုပ်ငန်းစဉ်တွေ အတိုင်း စိစစ်ဖို့ သဘောတူမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ အချိန်မရွေး စိစစ်ဖို့ အသင့်ပါ။ ဒီ သဘောတူညီချက်တွေအတိုင်း စိစစ်ပြီးလို့ မြန်မာနိုင်ငံက ထွက်ပြေးတဲ့ ဒုက္ခသည် မှန်ရင် သူတို့ရဲ့ လုံခြုံရေး အပြည်အ၀ ရရှိဖို့၊ လူသားချင်းစာနာမှု အထောက်အပံ့တွေ ပေးဖို့၊ ဘာပြဿနာမှ မဖြစ်စေဖို့ တာဝန်ယူပြီး ပြန်လက်ခံပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 

လက်ရှိအချိန်တွင် မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသော ဒုက္ခသည်အရေအတွက် လေးသိန်းကျော် ကို ဘင်္ဂလားဒေ့ရှ်မှ လက်ခံထားရသည့်ဟု  UN မှ ထုတ်ပြန်ထားသော်လည်း မြန်မာနိုင်ငံကမူ ထွက်ပြေးတိမ်းရှောင်သွားသည့် ဒုက္ခသည်ဦးရေကို  အတိအကျ ထုတ်ပြန်ထားခြင်း မရှိပေ။

အဆိုပါ နိုင်ငံသားစိစစ်လက်ခံရေးလုပ်ငန်းစဉ်အတွက် မဟာဗျူဟာတစ်ရပ် ချမှတ်ပြီး မြန်မာအစိုးရက လုပ်ဆောင်နေမှုများ ရှိနေသော်လည်း၊ အချို့ အသိုက်အဝန်းများက စိတ်မပါဘဲ ဖြစ်နေကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

“နိုင်ငံသား စိစစ်ရေးနဲ့ ပတ်သက်လို့ တိကျတဲ့ဗျူဟာနဲ့ အချိန်သတ်မှတ်ချက်ကို ချမှတ်ထားပြီး ဖြစ်ပါတယ်။ သို့ပေမယ့် ဒီ စိစစ်ရေးလုပ်ငန်းဟာ အသိုက်အဝန်း အားလုံးပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ သူတို့ကို ပါဝင်လာဖို့ စည်းရုံးပေးနိုင်မယ်ဆို ကျေးဇူးတင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

၁၉၉၃ ခုနှစ် မေလတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ တောင်းဆိုမှုအရ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား သဘောတူစာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းစာချုပ်အရ ခန့်မှန်းခြေ ဒုက္ခသည် ၅ သောင်းခန့်ကို မြန်မာဘက်က ပြန်လည်လက်ခံခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly