ဟဲဗီးဝိတ်တန်းတွင် အမြန်ဆုံးပွဲသိမ်းစံချိန်တင်ထားသူနှင့် အောင်လအန်ဆိုင်းကို ပွဲတည်ထား

ဟဲဗီးဝိတ်တန်းတွင် အမြန်ဆုံးပွဲသိမ်းစံချိန်တင်ထားသူနှင့် အောင်လအန်ဆိုင်းကို ပွဲတည်ထား

စက်တင်ဘာ ၁၉ ။           ။ လာမည့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်မြို့၌ကျင်းပမည့် One Championship ၏ HERO’s DREAM ပြိုင်ပွဲတွင် အောင်လအန်ဆိုင်းနှင့်ထိုးသတ်ရန်   ဟောင်ကောင်ဖိုက်တာ ဂါလာနီနှင့် ပွဲတည်ထားကြောင်း သတင်းများထွက်ပေါ်နေသည်။

အောင်လအန်ဆိုင်းနှင့်ဂါလာနီတို့အား ပွဲတည်ထားကြောင်းကို One Championship ၏ ဥက္ကဋ္ဌ Chatri Sityodtong က သူ၏ဖေ့စ်ဘုတ်စာမျက်နှာတွင် အတည်ပြုထားသည်။ Chatri Sityodtong က ထိုပွဲကို (David vs Goliath fight လူပုလေးနှင့်ဘီလူးကြီးတို့၏တိုက်ပွဲ) ဟု တင်စားရေးသားထားသည်။

ဟောင်ကောင်ကိုယ်စားပြု နိုက်ဂျီးရီးယားဖိုက်တာ ဂါလာနီသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ကမှ ဂျာကာတာတွင် ပြိုင်ဘက်လက်ဝှေ့သမားဆီကီနီကို ၁၁ စက္ကန့်ဖြင့် အလဲထိုးထားသူ ဖြစ်သည်။ ထိုအလဲထိုးပွဲမှာ One Championship ၏ဟဲဗီးဝိတ်ပြိုင်ပွဲသမိုင်းတွင် အမြန်ဆုံးပွဲသိမ်းနိုင်သည့် စံချိန်တင်ပွဲဖြစ်သည်။

One Championship ဟဲဗီးဝိတ်ချန်ပီယံ ဂါလာနီသည် အသက် ၄၂ နှစ်ရှိပြီဖြစ်ပြီး ကစ်ဘောက်ဆင်၊ ဂျူဂျစ်ဆု၊ ကရာတေးနှင့်ဂျူဒို ပညာရပ်များကို ကျွမ်းကျင်သူဖြစ်သည်။ ထို့အပြင် မွေထိုင်းချန်ပီယံဆုကို လေးကြိမ်ရရှိထားသူလည်း ဖြစ်သည်။

One Championship မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆိုင်းနှင့် ဟဲဗီးဝိတ်ချန်ပီယံ ဂါလာနီတို့သည် ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းတွင် အထူးငါးချီစိန်ခေါ်ပွဲ ထိုးသတ်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required