ပိုင်နက်နယ်မြေအတွင်း ရိုဟင်ဂျာများ ရှိနေခြင်းက အမျိုးသားလုံခြံုရေး ခြိမ်းခြောက်မှုဖြစ်ဟု အိန္ဒိယ ပြော

ပိုင်နက်နယ်မြေအတွင်း ရိုဟင်ဂျာများ ရှိနေခြင်းက အမျိုးသားလုံခြံုရေး ခြိမ်းခြောက်မှုဖြစ်ဟု အိန္ဒိယ ပြော

နယူးဒေလီ၊ စက်တင်ဘာ ၁၉ ။            ။ အိန္ဒိယ ပိုင်နက်နယ်မြေအတွင်း ရိုဟင်ဂျာ ရှိနေခြင်းသည် နိုင်ငံ၏ လုံခြုံရေးကို ပြင်းထန်သော ခြိမ်းခြောက်မှုပဲဖြစ်သည်ဟု အိန္ဒိယအစိုးရက စက်တင်ဘာ ၁၈ ရက်တွင် ပြောလိုက်သည်။

အိန္ဒိယနိုင်ငံအတွင်း ရိုဟင်ဂျာဆိုသူများ လေးသောင်းနီးပါးရှိနေပြီး နိုင်ငံအတွင်းသို့ ဒုက္ခသည်အဖြစ် ပိုမိုဝင်ရောက်လာခြင်းများကို တားဆီးနေရသည်။

“နိုင်ငံတွင်းမှာ ရိုဟင်ဂျာ ရှိနေခြင်းဟာ အမျိုးသားလုံခြုံရေးကို ဂယက်ထစေပြီး အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုလည်းပဲ ဖြစ်ပါတယ်။”ဟု ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီ ဦးဆောင်သော အစိုးရက တရားရုံးချုပ် ကျမ်းကျိန်မှုတွင် ပြောခြင်း ဖြစ်သည်။

ပြည်နှင်ဒဏ်ပေးခံရသည့် ရိုဟင်ဂျာဆိုသူနှစ်ဦး၏ အသနားခံလျှောက်ထားမှုအား တရားရုံးချုပ်က ကြားနာခြင်း ဖြစ်သော်လည်း အစိုးရက ထိုပြည်နှင်ဒဏ်သည် တရားရုံးချုပ် တရားစီရင်ပိုင်ခွင့်အတွင်း မသက်ရောက်ဟု ငြင်းဆန်သည်။

“အိန္ဒိယနိုင်ငံအတွင်းကို ရိုဟင်ဂျာဆိုသူတွေဟာ ၂၀၁၂-၁၃ ကစပြီး တရားမဝင် ဝင်ရောက်လာခဲ့ကြတာ ဖြစ်တယ်။ တစ်ချို့ ဝင်ရောက်လာသူတွေဟာ ပါကစ္စတန် အခြေစိုက် အကြမ်းဖက်အဖွဲ့တွေနဲ့ ချိတ်ဆက်မှု ရှိနေတဲ့ သူတွေဖြစ်တယ်။”ဟု အစိုးရဖက်က ပြောကြားသည်။

အိန္ဒိယအာဏာပိုင်များ၏ ခန့်မှန်းချက်အရ နိုင်ငံအတွင်း ရိုဟင်ဂျာဒုက္ခသည်ဦးရေသည် လေးသောင်းအထိ တိုးပွားလာပြီး နိုင်ငံ၏ မြောက်ပိုင်းပြည်နယ်များဖြစ်သည့် ဂျာမူးနှင့် ကက်ရှ်မီးယား၊ ဟာယာနာ၊ ဥတာပရာဒေ့ရှ်နှင့် ဒေလီတို့တွင် ရှိနေကြောင်း သိရသည်။

သြဂုတ်လအတွင်းက ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ကီရန်ရီဂျီဂျူက အစိုးရသည် အိန္ဒိယနိုင်ငံအတွင်း ရှိနေသည့် တရားမဝင်နေထိုင်နေသော နိုင်ငံခြားသားများကို စစ်ဆေးခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းများ စီမံချက်ချထားကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required