ကညွတ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ကညွတ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

ကညွတ်ဟာ အာဟာရဓာတ်တွေပြည့်ဝနေတဲ့ အရာဖြစ်လို့ နေ့စဉ်စားသောက်တဲ့အထဲ ထည့်သွင်းသင့်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် အဆီပါဝင်မှုက မရှိသလောက်ရှိပြီး ကယ်လိုရီလည်း အရမ်းနည်းပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးတွေက များလွန်းတဲ့အတွက် စားသုံးသင့်တဲ့ အသီးအရွက်တွေထဲမှာ ပါဝင်ပါတယ်။

ကညွှတ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

အရိုးသန်မာစေခြင်း – ဗီတာမင် ကေ ရဲ့အဓိကလုပ်ဆောင်ချက်က အရိုးသိပ်သည်းမှုပိုကောင်းစေတာပဲဖြစ်ပါတယ်။ ကညွတ်တစ်ပန်းကန်စာမှာ တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင် ကေပမာဏရဲ့ ၇၀ ရာခိုင်နှုန်းပါဝင်ပါတယ်။ ကယ်လ်စီယမ်စုပ်ယူမှုကို ပိုအားကောင်းစေပြီး အရိုးပွရောဂါနဲ့အရိုးကျိုးအက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ရောင်ရမ်းမှုကိုလျော့ကျစေခြင်း –  ကညွတ်က အမျိုးအစား၂ ဆီးချိုရောဂါ၊ ကင်ဆာရောဂါနဲ့ နှလုံးရောဂါတို့ကို ကာကွယ်နိုင်၊ ကုသနိုင်ပြီး ၎င်းမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း glutathione က အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။ ခရမ်းလွန်ရောင်ခြည် သို့မဟုတ် ပြင်ပ လေထုညစ်ညမ်းပစ္စည်းတွေကြောင့် အရေပြားရောင်ရမ်းမှုတွေကိုလည်း ကာကွယ်ပေးပါတယ်။ အစိမ်းရောင်နဲ့ အရောင်ရင့် နှစ်မျိုးရှိတဲ့အထဲမှာ အရောင်ရင့်ရင့်ကညွတ်မှာ အန်သိုဆိုင်ယာနင်ဓာတ်တွေအပြည့်အဝပါဝင်တာကြောင့် အရေပြားထဲက အဆိပ်အတောက်ဓာတ်တွေကို လျော့ပါးစေပြီး နေလောင်ဒဏ်ကို ကာကွယ်ပေးပါတယ်။

ဆီးရွှင်စေခြင်း – သဘာဝဆီးရွှင်ဆေးဖြစ်နေတဲ့ ကညွှတ်က ခန္ဓာကိုယ်ထဲက ရေတွေကို ထုတ်ပယ်ပေးပြီး မလိုလားအပ်တဲ့ အငန်ဓာတ်နဲ့ အရည်ဓာတ်ပါဝင်မှုကိုလျော့နည်းစေပါတယ်။ သွေးတိုးရောဂါ ဒါမှမဟုတ် ခန္ဓာကိုယ်တစ်ရှူးတွေထဲမှာ ရေတွေစုနေတတ်တဲ့ edema ရောဂါခံစားနေရတဲ့သူတွေအတွက် အကျိုးပြုပေးနိုင်တဲ့ ဓာတ်စာဖြစ်ပါတယ်။ ဒါ့အပြင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို သက်သာပျောက်ကင်းစေနိုင်တဲ့ အာနိသင်လည်းရှိတယ်လို့ သိရပါတယ်။

အစာချေလမ်းကြောင်းအတွက်အကျိုးပြုခြင်း – ကညွတ်မှာ အစာချေစနစ်အတွက် အရေးပါတဲ့ အမျှင်ဓာတ်တွေအများအပြားပါရှိပါတယ်။ အစာအာဟာရကရရှိတဲ့အမျှင်ဓာတ်တွေဟာ အူထဲမှာရှိတဲ့ အကျိအမြှေးကပ်ငြိမှုတွေနဲ့ တခြားအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အူလမ်းကြောင်းကိုကောင်းမွန်စေလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အူမကြီးကင်ဆာကိုလည်း ကာကွယ်ပေးပါတယ်။

ကိုယ်ဝန်အတွက်ကောင်းကျိုးပြုခြင်း – မိခင်လောင်းတွေအနေနဲ့   ကိုယ်ဝန်ဆောင်ကာလမှာ အထောက်အကူဖြစ်စေဖို့ ကညွတ်ကိုစားပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ဓာတ်ဖြစ်တဲ့  folate ပါဝင်မှုမြင့်မားတာကြောင့်လည်း မိခင်လောင်းတွေ စားသုံးသင့်ပါတယ်။ ဖောလစ်အက်စစ်ဓာတ် ကြောင့် ကိုယ်ဝန်ပျက်ကျမှုနဲ့ မွေးရာပါချို့ယွင်းချက် ဖြစ်နိုင်ခြေလျော့နည်းစေပြီး ပေါင်မပြည့်ခြင်း၊ လမစေ့ဘဲမွေးဖွားခြင်းတို့လည်း မဖြစ်စေနိုင်ပါဘူး။

ကင်ဆာဆဲလ်တိုက်ဖျက်ခြင်း-  ကညွတ်မှာပါတဲ့ glutathione က ခန္ဓာကိုယ်ထဲက ကင်ဆာဖြစ်စေတဲ့ဆဲလ်တွေကို တိုက်ဖျက်ပေးပြီး ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေကို ပြန်လည်ဖြစ်ပေါ်စေပါတယ်။ အရိုး၊ ရင်သား၊အဆုတ်၊ ပန်ကရိယ၊ သားအိမ်ခေါင်းနဲ့ အူမကြီးကင်ဆာတွေအတွက် ကာကွယ်ရာမှာ ထိရောက်မှုရှိပါတယ်။

ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပေးခြင်း – ကယ်လိုရီနည်းတဲ့ ကညွတ်ကိုစားသုံးခြင်းဖြင့် အစာစားချင်စိတ်များနေတာကို တားဆီးနိုင်ပြီး ဆိုးကျိုးပေးမယ့်သရေစာတွေကို မစားဖြစ်တော့လောက်ပါဘူး။ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်အင်ဆူလင်တွေ ပေါများတာကြောင့် အစာစားချင်စိတ်ကို ထိန်းချုပ်နိုင်စေတာဖြစ်ပါတယ်။ ဗီတာမင် B complex  ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

နှလုံးကျန်းမာရေး –  ကညွှတ်မှာပါဝင်တဲ့ ဗီတာမင် ဘီက ခန္ဓာကိုယ်ထဲက homocysteine  ပမာဏကို လျော့နည်းစေပြီး ကိုလက်စထရောကို ကျဆင်းစေပါတယ်။

သွေးတွင်းသကြားဓာတ်ထိန်းညှိခြင်း –  အမျိုးအစား ၂ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပြီး  ကယ်လ်စီယမ်ကြောင့် အင်ဆူလင်စွန့်ထုတ်မှုကို ထိန်းညှိတဲ့ ပန်ကရိယဆဲလ်တွေအပေါ် တိုက်ရိုက်အာနိသင်ရှိပါတယ်။

အရေပြားကျန်းမာရေး –  niacin လို့ခေါ်တဲ့ဒြပ်ပေါင်းက ဝက်ခြံပျောက်ကင်းစေပြီး အရေပြားရောင်ရမ်းမှုကို လျော့ပါးစေပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း glutathione  က free radicals တွေကို ခုခံတိုက်ခိုက်ပြီး အရေပြားနေလောင်မှုကို ကာကွယ်ပေးတဲ့အပြင် အနာကျက်မြန်စေပါတယ်။ ကော့ပါးနဲ့ ဗီတာမင် B12 ကြောင့်လည်း အရွယ်မတိုင်မီ ဆံပင်ဖြူခြင်း၊ ဆံပင်ပါးခြင်းကို ကာကွယ်ပေးပါတယ်။

ရာသီသွေးမှန်စေခြင်း –  အမျိုးသမီးတွေ ရာသီလာချိန်မှာဖြစ်တဲ့ ဝေဒနာတွေ၊ ကိုက်ခဲတာတွေ၊ သွေးဆင်းများတာတွေကို သက်သာစေပါတယ်။

မျိုးအောင်စေခြင်း –  ဗီတာမင် အီးက အမျိုးသမီးနဲ့ အမျိုးသား အားလုံးမှာ လိင်ဟော်မုန်းနဲ့ဆဲလ်တွေရဲ့အရည်အသွေးကို တိုးတက်စေပါတယ်။ သုက်ပိုးတွေကိုကျန်းမာစေပြီး သားအိမ်အမြှေးတွေကို ထူထဲစေပါတယ်။ ဗီတာမင် စီက သုက်ပိုးဆဲလ်တွေကို အားဖြည့်ပေးပြီး သုက်ပိုးအရေအတွက်ကိုတိုးစေပါတယ်။ folate ကြောင့် ဆဲလ်တွေကို သန္ဓေအောင်ဖို့လိုအပ်တဲ့ မှန်ကန်တဲ့ ခရိုမိုဆုန်းတည်ဆောက်ပုံရရှိစေ ပါတယ်။

အဆစ်အမြစ်နာ –  အဆစ်အမြစ်နာရောဂါ၊ အထူးသဖြင့် လေးဖက်နာရောဂါကို ကညွတ်က ကာကွယ်ပေးပါတယ်။ niacin က အရိုးအဆစ်ရောင်ရမ်းမှုကိုလျော့ကျစေပြီး ကော့ပါးက တွယ်ဆက်တစ်ရှူးတွေကို ပြန်လည်ကောင်းမွန်စေတာကြောင့် နာကျင်မှုတွေ၊ တောင့်တင်းမှုတွေကို သက်သာစေနိုင်ပါတယ်။

သွေးတိုးကျစေခြင်း – သွေးဖိအားနဲ့ပတ်သက်တဲ့ အာနိသင်တွေရှိတဲ့ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် သွေးတိုးကိုထိန်းနိုင်ပြီး ကယ်လ်ဆီယမ်နဲ့ Rutin ကြောင့်လည်း ပိုအကျိုးရှိစေတာဖြစ်ပါတယ်။

တီဘီရောဂါကိုကုသနိင် – လေပြွန်ရောင်ရောဂါနဲ့ တီဘီရောဂါတို့ကို ကုသရာမှာ ကညွတ်ရဲ့အမြစ်က ထိရောက်တဲ့အာနိသင်ရှိတယ်လို့ သိကြပါတယ်။ ကညွတ်အမြစ်က အဆုတ်ထဲက တစ်ရှူးတွေရဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်စေပြီး လည်ချောင်းပိုးဝင်ခြင်းတွေကို သက်သာစေပါတယ်။

သွေးကြောကျန်းမာရေးကို ကောင်းမွန်စေခြင်း – ဗီတာမင် B6 ကြောင့် homocysteine  ကိုထိန်းပေးနိုင်ပါတယ်။ homocysteine  ပမာဏမြင့်မားရင် သွေးကြောဆိုင်ရာရောဂါတွေဖြစ်စေနိုင်ပြီး သွေးကြောထဲက အဆီတွေစုပုံကာ သွေးလည်ပတ်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။

ကိုယ်ခံအားကို ကောင်းစေခြင်း –  ရောဂါတွေကိုတိုက်ထုတ်နိုင်ပြီး ခန္ဓာကိုယ်ကိုထိခိုက်စေမယ့်ဘေးက ကာကွယ်ပေးနိုင်ဖို့ ကိုယ်ခံအား ကောင်းဖို့ လိုပါတယ်။ ဗီတာမင်စီကြောင့် ကိုယ်ခံအားကို ကောင်းစေပြီး အအေးမိခြင်းနဲ့ဗိုင်းရပ်စ်တွေကူးစက်မခံရအောင် ကာကွယ်ပေးပါတယ်။Thiamine ဓာတ်က အစာချေလမ်းကြောင်းနံရံကြွက်သားတွေကို အထောက်အကူပေးပြီး အာဟာရဓာတ်စုပ်ယူမှုအတွက် လိုအပ်တဲ့ဟိုက်ဒရိုကလိုရစ်အက်စစ်ကိုထုတ်ပေးနိုင်ပါတယ်။

သတိပြုရန် –

 ကျန်းမာရေးအကျိုးေျကျးဇူးများတယ်ဆိုပေမယ့် ကညွတ်ကို စားတာများလွန်းရင်လည်း ဘေးဖြစ်နိုင်တဲ့အတွက် တန်ဆေးလွန်ဘေး ဆိုတာကို သတိချပ်သင့်ပါတယ်။ တချို့လူတွေမှာဆို ဓာတ်မတည့်မှုကြောင့် နည်းနည်းလောက်စားရုံနဲ့ ဒုက္ခရောက်တတ်ပါတယ်။

ဓာတ်မတည့်မှုလက္ခဏာပျော့ရင်တော့ အရေပြားနဲ့မျက်စိမှာ ယားယံနီရဲစေနိုင်ြင်္ပီး ဗိုက်အောင့်ဗိုက်နာဖြစ်တတ်ပါတယ်။ ပြင်းထန်လာရင်တော့ နှာပိတ်ခြင်း၊ ဖောရောင်ခြင်း၊ချွဲကြပ်ခြင်း၊ ပန်းနာ၊ ဝမ်းလျှောခြင်း၊ ခေါင်းမူးခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

တချို့မှာလည်း ဆီးအနံ့ပြင်းလွန်းတာတွေရှိတတ်ပါတယ်။

ကညွတ်က ဆီးရွှင်စေပြီးခန္ဓာကိုယ်ထဲမှာ လီသီယမ်ဓာတ်တွေများစေနိုင်တာကြော်င့ အများကြီးစားရင် လီသီယမ်များခြင်းရဲ့ဆိုးကျိုးတွေ ရှိလာစေနိုင်ပါတယ်။ စားသုံးမှုလွန်ကဲရင် သန္ဓေသားရဲ့ဖွံ့ဖြိုးမှုကိုထိခိုက်စေပြီး မိခင်နို့ကိုပါ အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင့်  ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေအနေနဲ့ အာဟာရအဖြစ်သာစားသင့်ပြီး ဆေးဝါးအဖြစ်အများကြီးမစားသင့်ပါဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly