အမျိုးသားတွေ မြံုရခြင်း အကြောင်းရင်းများ

အမျိုးသားတွေ မြံုရခြင်း အကြောင်းရင်းများ

ရေးသားသူ Wathun Myat Chal
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe.

အမျိုးသားတွေမြုံရတဲ့ အကြောင်းကို လေ့လာခြင်း

အမျိုးသားတွေ မြုံတယ်ဆိုတာ ကိုယ်ဝန်ရစေနိုင်ရန် လိုအပ်တဲ့ စွမ်းရည် မရှိတဲ့ သုက်ကောင်ကိုသာရှိတဲ့ အခြေအနေကို ဆိုလိုတာပါ။ သားသမီးမရကြတဲ့ စုံတွဲတွေရဲ့ ၂၀ ရာခိုင်နှုန်းမှာ အမျိုးသားတွေ မြုံတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုလိုတာက ဒီမြုံတဲ့ ကိစ္စဟာ အမျိုးသားတွေအတွက် ကြီးမားတဲ့ ပြဿနာဖြစ်လာပီလို့ ဆိုတာပါ။ တကယ်တော့ အမျိုးသားတွေကို ဒီလိုဖြစ်စေတဲ့ အကြောင်းတရားတွေ ရှိပါတယ်။

 ဆေးဘက်ဆိုင်ရာ အခြေအနေများ

သုက်လွှတ်ခြင်း

အမျိုးသားတစ်ယောက်က သူအထွတ်အထိပ်ရောက်ချိန်မှာ သုက်ကောင်တွေက မျိုးပွားအင်္ဂါထိပ်ဆီမသွားဘဲ ဆီးအိမ်ထဲ ရောက်ရှိတတ်ပါတယ်။

အဲဒါက ပြောင်းပြန်သုက်လွှတ်ခြင်းကို ဦးတည်စေနိုင်ပါတယ်။ ဒါဟာ ဆီးချိုရောဂါ၊ ကျောရိုးထိခိုက်မှု၊ ဆေးဝါးသုံးစွဲမှု၊ ဆီးအိမ်၊ ဆီးကျိတ်၊ ဆီးလမ်းကြောင်းခွဲစိတ်မှုတွေကြောင့် ဖြစ်တတ်ပါတယ်။

တချို့ အခြေအနေတွေမှာ အမျိုးသားတွေဟာ မျိုးကောင်ထုတ်လုပ်နိုင်ပေမယ့် ကျောရိုးနာဗ်ကြောထိခိုက်ထားခြင်း ဒါမှမဟုတ် တခြားရောဂါတွေကြောင့် သုတ်လွှတ်ခြင်းတော့ မတတ်စွမ်းပါဘူး။ အဲ့လို ကိစ္စတွေက အမျိုးသားတွေကို မြုံစေနိုင်ပါတယ်။

ဟော်မုန်းမညီမျှခြင်း

Hypothalamus (ကိုယ်အပူချိန်၊ ရေငတ်မှု၊ ဆာလောင်မှုတို့ကို ထိန်းချုပ်သည့် ဦးနှောက်၏ အစိတ်အပိုင်း)၊ Pituitary (ခန္ဓာကိုယ်ကြီးထွားမှုကို အကျိုးပြုသည့် ဟော်မုန်းထုတ်ပေးသော အကျိတ်)၊ သိုင်းရိုက်ဂလင်း ၊ အက်ဒရီနယ်ဂလင်း  တို့ရဲ့ ဟော်မုန်းမညီမျှမှုတွေက ကပ်ပယ်အိတ်ရဲ့ လုပ်ငန်းဆောင်တာတွေ မူမမှန်အောင် အစီအစဉ်တကျမဖြစ်အောင် ဖြစ်စေနိုင်ပါတယ်။ တကယ်တော့ ဟော်မုန်းမညီမျှမှုကို ဖြစ်စေတဲ့ အခြားမသိသော အကြောင်းအရင်းများလဲ ရှိပါသေးတယ်။

ဆေးဝါးအချို့

တချို့ဆေးဝါးတွေက အမျိုးသားတွေမြုံစေနိုင်တဲ့ တရားခံတွေ ဖြစ်တတ်ပါတယ်။

ကျားဟော်မုန်း အစားထိုးကုသခြင်း၊ anabolic steroid (ကြွက်သားကြီးထွားရန်သုံးသောဆေး) ရေရှည်အသုံးပြုခြင်း၊ ကင်ဆာဆေးဝါးများ၊ မှိုရောဂါကုသသည့် ဆေးဝါးအချို့၊ ပြည်တည်နာကုသသည့်ဆေးအချို့ သည် အမျိုးသားတွေရဲ့ သုက်ကောင်ထုတ်လုပ်မှုကို ထိခိုက်စေပါတယ်။

ဒါဟာ အမျိုးသားတွေမြုံစေတဲ့ အကြောင်းအရင်းတွေ ဖြစ်နိုင်ပါတယ်။

ရောဂါပိုးကူးစက်ခြင်း

ဆေးဝါးအပြင် အချို့ ရောဂါပိုး ကူးစက်ခြင်းတွေက သုက်ကောင်ထုတ်လုပ်ခြင်း၊ သုက်ကောင်ကျန်းမာရေးတို့ကို ထိခိုက်စေခြင်းနဲ့ မျိုးကောင်သွားရာလမ်းကြောင်းကို နှောက်ယှက်သည့် အနာရွတ်များကို ဖြစ်စေပါတယ်။

အပေါ်အရေပြားနဲ့ ကပ်ပယ်အိတ်တို့ကို နီရဲစေနိုင်ပါတယ်။ ကာလသားရောဂါနဲ့ HIV လို လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေကလဲ အကြောင်းတရားတစ်ခုအနေနဲ့ ပါဝင်ပါတယ်။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အကျင့်များ

တချို့ နေ့စဉ်လုပ်ဆောင်နေကျ အလေ့အကျင့်တွေက သုက်ကောင်ထုတ်လုပ်မှုကို ကျဆင်းစေပြီး သုက်ကောင်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းအပေါ် ထိခိုက်စေနိုင်ပါတယ်။

လေ့ကျင့်မှု လွန်ကဲခြင်း

လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်းကလဲ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို မကောင်းတဲ့ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။

လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်းက စတီးရွိုက်ဟော်မုန်းအများအပြားကို ထွက်ပေါ်စေနိုင်တာကြောင့် နောင်တချိန်မှာ မြုံသွားစေနိုင်ပါတယ်။

စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုများခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ဟော်မုန်းအချို့ ပြတ်တောက်မှုဟာ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းအပေါ် ထိခိုက်စေနိုင်ပါတယ်။

ပြင်းထန်ပြီး ကြာရှည်တဲ့ စိတ်ဖိစီးမှုကြောင့် သုက်ကောင်ရေပမာဏ လျော့နည်းခြင်း ပြဿနာကို ကြုံတွေ့ရနိုင်ပါတယ်။

အရက်သေစာ သောက်စားခြင်း

အရက်က အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းအပေါ် မကောင်းတဲ့သက်ရောက်မှုကိုသာ ဖြစ်စေတာပါ။ သူဟာ ကျားဟော်မုန်းပမာဏကို လျော့ကျစေတဲ့အတွက် ပန်းသေပန်းညှိုးရောဂါနဲ့ မျိုးကောင်ပမာဏလျော့ကျမှုတို့ဆီ ဦးတည်သွားနိုင်ပါတယ်။

အရက်အလွန်အကျွံ သောက်သုံးခြင်းက အမျိုးသားတွေ မျိုးမအောင်စေနိုင်သည့် အသည်းရောဂါကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။

ဆေးရွက်ကြီးသောက်သုံးခြင်း

ဆေးလိပ်သောက်သုံးတဲ့သူက မသောက်သုံးတဲ့သူထက် မျိုးကောင်ရေ ပိုမိုနည်းပါးစွာ ထုတ်လုပ်နိုင်ကြောင်း သက်သေအခိုင်အမာ ရှိပါတယ်။

အပူချိန်

တင်းကျပ်လွန်းသော အဝတ်အစားများ ဝတ်လွန်းခြင်း၊ စက်ဘီးမကြာမကြာစီးခြင်း၊ ရေပူဖြင့် ရေချိုးများခြင်း၊ ချွေးထုတ်ခန်းသွားခြင်းတို့က ကပ်ပယ်အိတ်ရဲ့ အပူချိန်ကို မြင့်တက်စေပါတယ်။ ဒါဟာ သုက်ကောင်ထုတ်လုပ်မှုကို ကျဆင်းစေပါတယ်။

 အမျိုးသားတွေဟာ တတ်နိုင်သမျှ သူတို့ရဲ့ မျိုးအောင်နိုင်စွမ်းကို စစ်ဆေးမှု ခံယူရန် သတိရှိဖို့ အရေးကြီးပါတယ်။ မြုံတာနဲ့ ပတ်သက်တဲ့ လက္ခဏာတွေကို သိရှိဖို့ ကူညီပေးလို့ပါ။

အကယ်၍ မြုံခဲ့မယ်ဆိုရင် ဘေးထွက်ဆိုးကျိုးတွေ ဘယ်လိုနည်းအောင်လုပ်မလဲ၊ ကိုယ်ဝန်ရစေနိုင်ဖို့ ဘယ်လိုအမူအကျင့်တွေ ပြောင်းလဲရမလဲဆိုတဲ့ အကြံဉာဏ်ယူနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly