မုံရွာမြို့ ဝန်းကျင် ခရီးနှင်ခြင်း

18 September 2017
မုံရွာမြို့ ဝန်းကျင် ခရီးနှင်ခြင်း

ချင်းတွင်းမြစ်ကြီးဟာ မြန်မာနိုင်ငံမြောက်ပိုင်း အနောက်ဘက်ခြမ်းဒေသကနေ မြစ်ဖျားခံလို့ မိုင်ပေါင်း ၇၅၀ ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်တစ်စင်းပါပဲ။ ချင်းတွင်းမြစ်ကြီးဟာ အလယ်ပိုင်း မြေပြန့်ဒေသကို ဖြတ်သန်းစီးဆင်းလာရင်း ဧရာဝတီမြစ်ကြီးထဲကို စီးဝင်သွားပါတယ်။ ဒါကြောင့် ဧရာဝတီရဲ့ အကြီးဆုံး မြစ်လက်တက်ကြီး ဖြစ်ပါတယ်။

မုံရွာမြို့ဟာ ချင်းတွင်းမြစ်ကမ်းပေါ်ကမြို့တွေအနက် အကြီးဆုံးမြို့တမြို့ဖြစ်ပါတယ်။  မုံရွာမြို့အတွက် အရေးပါလှတဲ့ချင်းတွင်းမြစ်ကြီးက မြို့ရဲ့ အနောက်ဘက်ကနေ ဖြတ်သန်းစီးဆင်းနေပါတယ်။   မြစ်ကမ်းဘေးမှာတော့ ကြီးမားတဲ့ တာရိုးကြီးနဲ့ မြို့ကို ကာရံပေးထားပါတယ်။ ချင်းတွင်းမြစ်ရဲ့ သဘာဝအလှအတွေကို ခံစားဖို့ တာရိုးကြီးက အကောင်းဆုံး နေရာတခု ဖြစ်ပါတယ်။

မုံရွာမြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အညာဒေသအတွက် အချက်အခြာကျသလို့ ကမ္ဘာပေါ်က အထူးခြားဆုံးနေရာတွေနဲ့ နီးနီးကပ်ကပ်ရှိနေတဲ့နေရာပါ။

မုံရွာမြို့က ကမ္ဘာကျော် သာသနာ့ နယ်မြေကြီးကို ရောက်လာပါပြီ။ ဒုတိယကမ္ဘာစစ်အတွင်းကာလ မြန်မာသက္ကရာဇ် ၁၃၀၁ ခုနှစ်မှာ မိုးညှင်းဆရာတော်ဘုရားကြီး စတည်တည်ထားကိုးကွယ်ခဲ့တဲ့ သမ္ဗဒ္ဓေ ကပ်ကျော်စေတီတော်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ မရှိဖူးသေးတဲ့ ဗိသုကာလက်ရာတွေနဲ့ ခမ်းနားထည်ဝါမှုတွေကြောင့် မုံရွာမြို့အတွက် ထင်ရှားတဲ့နေရာဖြစ်ပါတယ်။

မိုးညှင်းသမ္ဗဒ္ဓေစေတီတော်ရဲ့ အထူးခြားဆုံးကတော့ ဗုဒ္ဓရုပ်ပွားတော်ပေါင်းများစွာကို ထုလုပ်ပြီး ထည့်သွင်း ပူဇော်ထားတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ ပွင့်ခဲ့ပြီးသော ဘုရားအဆူဆူကို ရည်ညွှန်း ပူဇော်ထားတာ ဖြစ်ပါတယ်။ မိုးညှင်းသမ္ဗဒ္ဓေမှာရှိတဲ့ ပူဇော်ထားတဲ့ ကြီးငယ် အရွယ်အစားမျိုးစုံ ဗုဒ္ဓရုပ်ပွားတော်စုစုပေါင်းဟာ ၅ သိန်း ရှစ်သောင်းကျော် ရှိပါတယ်။

မြင့်မားတဲ့ တန်ခွန်တိုင်ပေါင်း ၂၀ က စေတီတော်ကြီးကို ဝန်းရံတည်ဆောက်ထားပါတယ်။ စေတီတော်ကြီးရဲ့ အတွင်းအပြင် မြင်မြင်သမျှ နေရာတိုင်းမှာတော့ များပြားလှတဲ့ ရုပ်ပွားတော်တွေကို ပူဇော်ထားပါတယ်။

မိုးညှင်းသမ္ဗဒ္ဓေ တည်ရှိရာနေရာဟာ မုံရွာမြို့အရှေ့တောင်ဘက် ၆ မိုင်ကျော်ခရီးအကွာမှာဖြစ်ပါတယ်။ အင်းဝခေတ် မိုးညှင်းမင်းတရားကြီးရဲ့ ကုသိုလ်ကောင်းမှုတွေ တည်ရှိခဲ့ရာ သမိုင်းဝင်ဒေသလည်း ဖြစ်ပါတယ်။

မိုးညှင်းသမ္ဗဒ္ဓေစေတီတော်ကြီးဟာ ဗုဒ္ဓဘာသာ သာသနအဆောက်အအုံတွေထဲမှာ တမူထူးခြားတဲ့ ပုံသဏ္ဍာန်ဖြစ်စေဖို့ ရည်ရွယ် ဆောက်လုပ်ထားပါတယ်။ အမြင့်မြို့ဗိသုကာပညာရှင် ပန်းရံဆရာ ဦးဟံကြီးဦးဆောင် တည်ဆောက်ခဲ့တာပါ။

မိုးညှင်းသမ္ဗဒ္ဓေစေတီတော်ကြီးဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် ကိုးကွယ်ကြည်ညိုရုံတင်မကပဲ ထူးခြားလှတဲ့ အသွင်အပြင်တွေကြောင့် နိုင်ငံတကာ ခရီးသွားဧည့်သည်တွေပါ နေ့စည် လာရောက်လေ့လာနေကြတဲ့နေရာဖြစ်ပါတယ်။

ရွက်စိမ်းဝေနေတဲ့ ဗောဓိညောင်ပင်တွေက ယှက်ဖြာအုပ်မိုးနေကြပါတယ်။ ရှေ့နောက် ဝဲယာ စီတန်းနေကြပြီး အပင်တပင်ချင်းစီရဲ့အောက်မှာတော့ ရွှေရောင်ဝင်းဝင်း ဗုဒ္ဓရုပ်ပွားတော်တဆူစီ စံပါယ်နေကြပါတယ်။

ဒီနေရာကိုရောက်လာရင် ဗုဒ္ဓဘာသာဝင်တို့အတွက်တော့ ငြိမ်းအေးသာယာဖွယ် ခံစားရပါလိမ့်မယ်။ ထူးခြားတဲ့ သာသနာပြုနယ်မြေဖြစ်တာကြောင့် ထင်ရှားလှတဲ့နေရာဖြစ်ပါတယ်။ ကျယ်ပြန့်လှတဲ့ မြေဧကပေါင်း ၂၅၀ ပေါ်မှာ စိုက်ပျိုးပူဇော်ထားတာဖြစ်ပါတယ်။

မိုးညှင်းသမ္ဗဒ္ဓေရဲ့ အရှေ့ဘက် ၄ မိုင်ကျော်အကွာမှာ ဖြစ်ပါတယ်။ ထောင်ပေါင်းများစွာရှိနေတဲ့ ဗောဓိညောင်ပင်တွေကြောင့် ဗောဓိတစ်ထောင်လို့ အမည်တွင် ထင်ရှားတဲ့နေရာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်၊ မြန်မာသက္ကရာဇတ် ၁၃၂၂ ခုနှစ်မှာ ဗောဓိပင်ပေါင်း ၂၇ ပင်ကို ဒီနေရာမှာစတင်စိုက်ပျိုးခဲ့တာပါ။ အဲဒီနောက် မကြာခင်မှာပဲ ဗောဓိပင်ပေါင်း ၁၃၀၀ ကျော်ကို စိုက်ပျိုးခဲ့ပြီး ဗောဓိတစ်ထောင်ရယ်လို့ စတင်ထင်ရှားလာခဲ့ပါတယ်။။ ဗောဓိပင်တွေ စတင်စိုက်ပျိုးခဲ့တဲ့ ဆရာတော် ဦးနာရဒကိုလည်း ဗောဓိတစ်ထောင် ဆရာတော်ဘုရားရယ်လို့ လူသိများ ထင်ရှားလာခဲ့ပါတယ်။ ဗောဓိတစ်ထောင် ဆရာတော်ကြီးဟာ သက်တော် ၉၀၊ ပျံလွန်တော်မူချိန်ထိ ဗောဓိပင်ပေါင်း ၉၀၀၀ ကျော်ကို စိုက်ပျိုးပူဇော်ခဲ့ပါတယ်။ ထူးခြားတဲ့ သာသနမြေဟာ ရွှေရောင်ဝါဝင်းနေပါပြီ။

တောင်ကုန်းငယ်တခုပေါ်မှာ ဖြစ်ပါတယ်။ ရွှေရောင်ပန်းကွက်တွေနဲ့ ကြီးမားတဲ့ အောက်ခံပုလ္လင်တော်မှာ ရပ်တော်မူနေဟန်၊ ဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်ပါတယ်။ ဗောဓိတစ်ထောင် သာသာ့နယ်မြေရဲ့ အထင်ရှားဆုံးလည်းဖြစ်ပါတယ်။ ကောင်းကင်ယံအထိ ထိုးထွက်မြင့်မားလှတဲ့ ရွှေသားရောင် ဗုဒ္ဓရုပ်ပွားတော်ကြီးဟာ မြန်မာမှာသာမက ကမ္ဘာမှာပါ ထင်ရှားတဲ့ လေးကျွန်းစြင်္ကာ ဘွဲ့အမည်ခံ ဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်ပါတယ်။

ဗောဓိတစ်ထောင် ဆရာတော်ဘုရားကြီးလက်ထက် မြန်မာသက္ကရာဇ် ၁၃၅၇ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ လေးကျွန်းစြင်္ကာ မတ်ရပ် ရုပ်ပွားတော်ကြီးဟာ ဉာဏ်တော်အမြင့်ပေပေါင်း ၃၈၀ မြင့်ပါတယ်။ အောက်ခံပုလ္လင်တော်အပါအဝင် ၄၂၄ ပေရှိပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး အမြင့်ဆုံး ရုပ်ပွားတော်ကြီး ဖြစ်ပါတယ်။

တရုပ်နိုင်ငံနဲ့ ဂျပန်နိုင်ငံမှာရှိနေတဲ့ မတ်ရပ်ရုပ်ပွားတော်ကြီးတွေကတော့ ကမ္ဘာပေါ်မှာ ဒုတိယနဲ့ တတိယအမြင့်ဆုံးတွေ ဖြစ်ကြပါတယ်။

ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူလည်း ရှိပါတယ်။ လေးကျွန်းစြင်္ကာ ရပ်တော်မူဘုရားကြီးရဲ့ ရှေ့တည့်တည့်မှာ တည်ဆောက်ထားပါတယ်။ ရွှေသာလျောင်း လျောင်းတော်မူ ရုပ်ပွားတော်ကြီးကိုတော့ ဒီတောင်ကုန်းပေါ်မှာ ပထမဆုံး တည်ဆောက်ထားတာဖြစ်ပါတယ်။

ဗောဓိတစ်ထောင်ကို စတင်တည်ထောင်ခဲ့တဲ့ ဆရာတော်ဘုရားကြီးလက်ထက် မြန်မာသက္ကရာဇ် ၁၃၅၃ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ နှစ်ပေါင်း ၂၅ နှစ် ကြာခဲ့ပါပြီ။ လျောင်းတော်မူ ရုပ်ပွားတော်ကြီး စတင်တည်ဆောက်ပြီးတဲ့နောက် ရပ်တော်မူ လေးကျွန်းစြင်္ကာ ရုပ်ပွားတော်ကြီးကို ကမ္ဘာ့အမြင့်ဆုံးထိထပ်မံ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ရွှေသာလျောင်းရုပ်ပွားတော်ကြီးရဲ့ အလျားဟာ ပေပေါင်း ၃၃၃ ပေရှိပါတယ်။

ကြီးကျယ်ခမ်းနားလှတဲ့ ဗုဒ္ဓအဆောက်အအုံတွေရှိရာ ဒီနေရာမှာတော့ နောက်ထပ် နောက်ထပ် ရုပ်ပွားတော်ကြီးတဆူကိုလည်း ထပ်မံတည်ဆောက်နေကြပါပြီ။

ရပ်တော်မူ လျောင်းတော်မူနဲ့ အခုဆိုရင် ထိုင်တော်မူ ရုပ်ပွားတော်ကြီးလည်း ပေါ်ပေါက်လာဖို့ နီးကပ်နေပါပြီ။ ကြီးမားလှတဲ့ ရုပ်ပွားတော်ကြီးတွေဟာ မုံရွာမြို့အနီးကခတက်ကန်ရွာ ဇီးဖြူတောင်ပေါ်မှာ ခမ်းနားသပ္ပာယ်စွာနဲ့ စံပါယ်နေကြပါပြီ။

သဘာဝကျောက်ဆောင်တွေနဲ့ လှပနေတဲ့ ထန်းဇလုတ်ချောင်းကိုလည်း ကျမရောက်ခဲ့ပါတယ်။ မုံရွာမြို့အရှေ့ဘက် ၇ မိုင်အကွာ ကျောက်ကာရွာအနီးမှာဖြစ်ပါတယ်။ ထန်းဇလုတ်ချောင်းဟာ ခရီးသွားဧည့်သည်တွေ လာရောက်အပန်းဖြေလေ့ရှိတဲ့ နေရာတခုဖြစ်ပါတယ်။ အခုတော့ ချောင်းရေက အရမ်းကိုနည်းပါးနေပါပြီ။

မုံရွာမြို့ဘက်ကို ရောက်လာပြီဆိုရင်တော့ ဒီ ထန်းဇလုတ်ရွာလေးက တကယ်ကို ရောက်လာသင့်ပြီး လည်ပတ်သင့်တဲ့ နေရာလေးတစ်ခုပါ။ ဒီ ထန်းဇလုတ် ရေတခွန်ကတော့ မုံရွာမြို့ရဲ့ အရှေ့ဘက် ကျောက်ကာရွာလေးနားမှာ ရှိပါတယ်။ ရေတံခွန်ကတော့ အခုချိန်မှာတော့ အပေါ်က ဆည်တွေ ပိတ်ထားတော့ ရေတော့ နည်းနေသေးတယ်။ ဆည်တွေသာ ဖွင့်လိုက်မယ်ဆိုရင် ဒီနေရာက အရမ်းကို ထင်ရှားလှတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သန်းကျော်ကာလ၊ မီးတောင်ပေါက်ကွဲမှုကြောင့် တွင်းချိုင့်ကြီး ဖြစ်ပေါ်လာပါတယ်။ မီးတောင် အကြိမ်ကြိမ်ပေါက်ကွဲမှုတွေနဲ့အတူ   ချော်ပြာလွှာအထပ်ထပ် မြင့်တက်လာခဲ့ပါတယ်။ နှစ်ကာလတွေ ကြာလာတဲ့အခါ သဘာဝတရားရဲ့ ပြောင်းလဲမှုနဲ့အတူ ထူးခြားလှပတဲ့ စိမ်းပြာရောင် ရေကန်ကြီး ဖြစ်လာပါတယ်။

ဒီနေရာကတော့ စိမ်းညို့နေတဲ့ အုန်းပင်တန်းကြီးတွေ ပတ်လည်ဝိုငးထားတဲ့ တွင်းမအင်းလို့ လူသိများတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒီတွင်းမအင်းဟာဆိုရင် မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ချိုင့်ဝှမ်းကြီးထဲမှာ သူ့ဘာသာသူ ဖြစ်တည်လာတဲ့ အင်းကြီးပါ။ ဒီအင်းကြီးရဲ့ သာယာလှပတဲ့ အနေအထားတွေကြောင့်လဲ ခရီးသွားဧည့်သည်တွေအနေဖြင့် စိတ်ဝင်စားစွာ လာရောက်လည်ပတ်နဲ့ နေရာလေးပါ။

ဒီ စိမ်းပြာရောင် အင်းကြီးထဲမှာတော့ စပီရူလိုင်းနားလို့ခေါ်တဲ့ အနုဇီ၀ ရေညှိတွေ ပျော်ဝင်နေကြပါတယ်။ မုံရွာမြို့ရဲ့ အနောက် မြောက်ဘက် မိုင် ၂၀ အကွာမှာ ဖြစ်ပါတယ်။ ကနီမြို့နယ်ထဲက တွင်းမရွာရဲ့ ဘေးမှာရှိနေတာပါ။

ဒီဒေသမှာတော့ မီးတောင်တွင်းဝအင်းပေါင်း ၄ နေရာလောက် တတန်းတည်ရှိနေကြပါတယ်။ အခုတွေ့နေရတဲ့ တွင်းမအင်းဟာဆိုရင် ထူးခြားတဲ့သဘာဝအလှတွေကြောင့် လူသိများ ထင်ရှားတဲ့နေရာဖြစ်ပါတယ်။ မုံရွာမြို့ကနေ နေ့ချင်းပြန်ခရီး လာရောက်လည်ပတ်နိုင်တဲ့နေရာဖြစ်ပါတယ်။

ပေ ၈၀၀ ကျော်မြင့်တဲ့ တွင်းမအင်းတောင်ကုန်းကြီးက ဒီနေရာရဲ့ သဘာဝအလှကို ပိုပြီးပေါ်လွင်စေဖို့ အားပြုထားပါတယ်။ ရေကန်ပြင်ကြီးက ဧကပေါင်း ၁၅၀ ကျော်လောက်ကျယ်ဝန်းပြီး   ဘေးပတ်လည်မှာတော့ စိမ်းညို့ညို့ အုန်းပင်ကြီးတွေက ဝိုင်းရံနေကြပါတယ်။

ပူပြင်းချောက်သွေ့တဲ့ အညာဒေသမှာတော့ အမြဲတမ်းစိမ်းလန်းနေတဲ့နေရာပါ။ တွင်းမအင်းကြီးရဲ့ အနောက်ဘက်မှာတော့ တွင်းမရွာရှိပါတယ်။ တောင်ဘက်နဲ့ အရှေ့ဘက်မှာလည်း ရွာတွေရှိနေပြီး မြောက်ဘက်မှာတော့ တွင်းမ တောင်ကုန်းကြီး ရှိပါတယ်။

ဒီဒေသမှာတော့ တွင်းမအင်းကြီးကို ရေခါးအင်းလို့ ခေါ်ကြပါတယ်။ တွင်းမအင်း ရေဟာ ချဉ်ဖန်နှုန်း ph အဆင့် ၁၀ နဲ့အထက် ရှိနေပြီး သာမာန် ရေသတ္တဝါတွေ မရှင်သန်နိုင်ကြပါဘူး။ ပိုးလောက်လန်း အမျိုးအစားတချို့သာ ရှင်သန်နေကြပါတယ်။

အနုဇီ၀ ရေညှိပင်ငယ်လေးတွေ ပေါက်ပွားရှင်သန်နေတဲ့ ဒီအင်းကြီးဟာ ကမ္ဘာပေါ်မှာတောင် ၃ နေရာသာရှိနေတဲ့ ရှားပါး သဘာဝဖြစ်စဉ်တွေကို ပိုင်ဆိုင်ထားပါတယ်။

အင်းရေကန်ကြီးထဲမှာ ပေါက်ပွားရှင်သန်ကြတဲ့ ပိုးလောက်လန်းလေးတွေက ဒီဒေသရဲ့ ထူးခြားရှားပါးတဲ့ အစားအစာတမျိုးဖြစ်ပါတယ်။ တွင်းပိုးလို့ ခေါ်ကြပါတယ်။ အချောက်လှန်းပြီး ကြော်စားရတဲ့ အစားအစာတမျိုးပါ။

တွင်းမအင်းကြီးရဲ့ အလှကို အကောင်းဆုံးတွေ့မြင်ခံစားနိုင်မယ့် နေရာပါ။ တွင်းမရွာကနေ ကားလမ်းအတိုင်း မိနစ်အနည်းငယ်လောက်ပဲ သွားလိုက်တာနဲ့ ဒီနေရာကို ရောက်မှာပါ။ ကျယ်ပြန့်တဲ့မျက်ခင်းလွင်ပြင်ပြီးတွေနဲ့ အရမ်းကို ကြည်နူးစရာကောင်းတဲ့နေရာပါ။

မြန်မာသက္ကရာဇ် ၄၅၃ ခုနှစ်မှာ အလောင်းစည်သူမင်း တည်ထားတော်မူခဲ့တဲ့ ရွှေမုဌောစေတီတော်ဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် ၈၄၃ ခုနှစ်မှာ ကနီမင်းသမီးက ပြန်လည်ပြုပြင်ခဲ့ပါတယ်။ တွင်းမရွာအနီးမှာရှိနေပြီး မီးတောင်တွင်းဝကြီးရဲ့ အနောက်တောင် ဒေါင့်နေရာမှာဖြစ်ပါတယ်။

တွင်းမအင်းကြီးဟာ ထူးခြားတဲ့ သဘာဝအလှတွေ၊ ထင်ရှားခဲ့တဲ့ သမိုင်းကြောင်းနောက်ခံတွေနဲ့ လေ့လာလည်ပတ်စရာကောင်းတဲ့ နေရာတခုပါ။ အခုဆိုရင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတွေ စတင်ဖွံ့ဖြိုးလာဖို့ အစပြုနေပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly