The Chainsmokers နှင့်အတူ သီချင်းများဆက်လက်ဖန်တီးသွားဦးမည်ဟု BTS အဖွဲ့အတည်ပြု

The Chainsmokers နှင့်အတူ သီချင်းများဆက်လက်ဖန်တီးသွားဦးမည်ဟု BTS အဖွဲ့အတည်ပြု

 

BTS အဖွဲ့သည် ၎င်းတို့၏ သီချင်းအယ်လ်ဘမ်အသစ်ဖြစ်သော “Love Yourself: Her” အတွက် သတင်းစာ ရှင်းလင်းပွဲတစ်ခု စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ထိုသတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များက BTS အဖွဲ့နှင့် နာမည်ကျော် The Chainsmokers အဖွဲ့ကြား မှ ရင်းနှီးခင်မှုအကြောင်းကို မေးမြန်းခဲ့ကြသည်။

ထိုမေးခွန်းကို BTS အဖွဲ့ဝင် Rap Monster က “ ပြီးခဲ့တဲ့ Billboard ဆုပေးပွဲမှာတုန်းက ကျနော်တို့ကို သူတို့က ဖိတ်ခေါ်ခဲ့တာကြောင့် နားနေခန်းထဲမှာ တွေ့ဖြစ်ခဲ့ပြီး မိတ်ဆွေတွေဖြစ်ခဲ့ကြပါတယ်။ အဲ့ဒီနောက်ပိုင်း ကျနော်တို့ အဆက်အသွယ်အမြဲ ရှိနေခဲ့ပြီးတော့ အလုပ်အတူတွဲလုပ်ဖို့ ဆွေးနွေးဖြစ်ခဲ့ကြပါတယ်” ဟု ပြောခဲ့သည်။

ဆက်လက်ပြီး သူက “ ပြီးတော့ စက်တင်ဘာလ ၁၂ရက်နေ့တုန်းက ကျင်းပခဲ့တဲ့ The Chainsmokers ရဲ့ ဖျော်ဖြေပွဲမှာ ပရိသတ်တွေအံ့သြသွားအောင် ကျနော်တို့ ပါဝင်ဖျော်ဖြေခဲ့ပါသေးတယ်။ အနာဂတ်မှာလည်း ကျနော်တို့တွေ အလုပ်အတူတွဲလုပ်သွားဦးမှာပါ။ ဒါကြောင့်မျှော်လင့် စောင့်စားကြပါဦးလို့ မှာချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

The Chainsmokers မှ အန်ဒရူးတက်ဂ့ါတ်နှင့် BTS အဖွဲ့မှ ရက်ပ်စာသားသီဆိုသော အဖွဲ့ဝင်များသည် Best of Me ဟု အမည်ပေးထားသော EDM အမျိုးအစားသီချင်းတစ်ပုဒ်ကို အတူတကွဖန်တီးခဲ့ကြပြီး ထိုသီချင်းသည် BTS ၏ အယ်လ်ဘမ်အသစ် “Love Yourself: Her” ထဲတွင် ပါဝင်မည်ဖြစ်ကြောင်း သတင်းများတွင် ပြီးခဲ့သော အပတ်ကတည်းက ဖော်ပြခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required