အရပ်အမောင်းနဲ့ ပတ်သက်ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ

အရပ်အမောင်းနဲ့ ပတ်သက်ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe.

အံံ့အားသင့်စရာကောင်းတဲ့အချက်တစ်ချက်က လူတော်တော်များများက သူတို့ရဲ့အရပ်နဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှု မရရှိကြပါဘူး။ အချို့က သူတို့ကိုယ်သူတို့ အရပ်အရမ်းမြင့်တယ်လို့ ယူဆနေကြပြီး အချို့က သူတို့အရပ် အရမ်းပုလို့ အလိုမကျဖြစ်နေတာမျိုးတွေလည်း ရှိပါတယ်။ အရပ်ရှည်ခြင်း၊ ပုခြင်းက များသောအားဖြင့်တော့ မျိုးရိုးနဲ့ ဆိုင်ပါတယ်။ ဘဝနေထိုင်မှုပုံစံနဲ့ နေထိုင်တဲ့ ပတ်ဝန်းကျင်ကလည်း အနည်အကျဉ်းလောက် သက်ရောက်မှုရှိနေပါတယ်။ ဖြစ်ရပ်တော်တော်များများမှာတော့ ကျွန်တော်တို့က အရပ် အတိုင်းအထွာကို မပြောင်းလဲနိုင်ပါဘူး။ ကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ် ရှိတဲ့အရပ်အတိုင်းနေနေကြရပါတယ်။ အရပ်နဲ့ပတ်သက်ပြီး ဖြေရှင်းမှုလေးတွေ လုပ်ဖို့လိုအပ်ပါလိမ့်မယ်။ အချက်အနည်းငယ် ပြောပါရစေ။

၁။ အရပ်အတိုင်းအတာက ပြဿနာတစ်ရပ် မဟုတ်ဘူးဆိုတာကို သိထားဖို့လိုပါတယ်။

အရပ်အမောင်းကြောင့် အနိုင်ကျင့်ဗိုလ်ကျခံရတဲ့ အပေါ်မှာ ပြဿနာကအခြေတည်ပါတယ်။ အရပ်ကြောင့် လူတွေက သင့်ကို မထီမဲ့မြင် ဆက်ဆံတာကြောင့် ကိုယ့်အရပ်အမောင်းကိုယ် မုန်းနေသလား။ အဖြေကတော့ မဖြစ်သင့်ပါဘူးလို့ ပဲဆိုပါရစေ။ သင့်ရဲ့အတွေးအမြင်ကပဲ လူမှုရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ထင်ဟပ်ပုံဖော်ပေးတာဖြစ်ပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သင်ဟာ ဘယ်တေ့ာမှ စိတ်အလိုကျ ပြီးပြည့်စုံတယ်ရယ်လို့ မရှိတာကို သတိထားမိလာပါလိမ့်မယ်။ အရပ်အရမ်းရှည်နေရင်ပဲဖြစ်ဖြစ် ပုနေရင်ပဲဖြစ်ဖြစ် ဝေဖန်နေရတာကို ကြိုက်တဲ့သူတွေက တစ်ခုမဟုတ်တစ်ခုပြောဖို့ အကြောင်းအရင်းရှာနေပါလိမ့်မယ်။ အခြားသူတွေရဲ့ စိတ်ခံစားချက်အတိုင်း လိုက်လုပ်နေစရာတော့ မလိုပါဘူး။ သင့်ကို တကယ်ချစ်တဲ့သူက သင်ဘာတွေပဲ ဖြစ်နေဖြစ်နေချစ်မှာပါပဲ။ သင့်ကို အနိုင်ကျင့်တဲ့သူတွေကို အရေးမစိုက်ကြောင်းပြောရပါမယ်။ ကိုယ်ပုံစံကို ကိုယ်နှစ်ခြိုက်သဘောကျတဲ့အကြောင်း ပြသရပါမယ်။ ယုံကြည်ချက်ရှိရှိ ရှေ့ဆက်ပါ။ ခေါင်းမော့ ရင်ကော့ထားပါ။ မျက်လုံးချင်းဆိုင်ပါ။ လူတွေကို ရှက်ကြောက်နေစရာ မလိုပါဘူး။ သင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မိဘတွေ၊ဆရာ၊ ဆရာမတွေနဲ့ ကြီးကြပ်သူတွေကို ပြောပြဖို့ တွန့်ဆုတ်မနေပါနဲ့ လိုအပ်ပါက ဥပဒေအရ အကာအကွယ်ရယူပါ။

၂။ အရပ်အမောင်းကြောင့် စိတ်မညစ်ပါနဲ့။

အရပ်အနည်းငယ်မြင့်ချင်ရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။ သင်က ကြီးထွားနေဆဲအရွယ်လည်းဖြစ်မယ်။ သင့်တင့်တဲ့ အစားအသောက်နဲ့လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးမယ်ဆိုရင် အရပ်လက်မ အနည်းငယ်လောက် ထွက်လာဖို့ဆိုတာက ဖြစ်နိုင်ပါတယ်။ အရပ်ရှည်ပြီးသား ဆိုရင်တော့လည်း ဆက်လက်မကြီးထွားအောင် လုပ်ဖို့ မလိုအပ်ပါဘူး။ အရပ်ရှည်ရှည်၊ ပုပု ကိုယ့်ကိုယ်ကို သဘောကျနေဖို့ အရေးကြီးပါတယ်။ ဖက်ရှင်မဂ္ဂဇင်းတွေကို ကြည့်ပြီး ကိုယ်နဲ့လိုက်မယ့် အဝတ်အစားတွေကို ရွေးချယ်ပါ။ အရပ်ရှည်တာကို အကျိုးရှိရှိ အသုံးချနိုင်မယ့် အားကစားကလပ်တွေနဲ့ ဆက်သွယ်ပါ။ ခန္ဓာကိုယ် သေးတဲ့သူတွေအနေနဲ့လည်း gym ဆော့တာ၊ ကတာတွေကို လုပ်ဆောင်လို့ ရပါတယ်။ အရပ်မြင့်သူတွေအနေနဲ့လည်း ဘတ်စကတ်ဘောနဲ့ ဘောလီဘောတွေကစားလို့ ရပါတယ်။ ကျန်းမာပျော်ရွှင်စေမယ့် သင့်တော်မယ့် နည်းလမ်းကိုရှာဖွေဖို့ လိုအပ်ပါတယ်။

ရိုးသားရပါမယ်။ အချိန်ယူပြီး ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်ဖို့ ကြိုးစားရပါမယ်။ အရပ်အမောင်းနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် အားငယ်ဖို့ မလိုကြောင်းသိထားရပါမယ်။ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးလိုက်ပါ။ အနှေးနဲ့ အမြန်ဆိုသလို အဖြေထွက်လာပါလိမ့်မယ်။လူတွေက သင့်ကို စိတ်မသက်မသာဖြစ်အောင် လုပ်ကြပါလိမ့်မယ်။ ဒါတွေကို တုံ့ပြန်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး အပျက်သဘောဆောင်နေသူတွေနဲ့ ခပ်ဝေးဝေးနေဖို့ပဲဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly