ဘာသာရေးကျောင်းကို မီးရှို့ဖျက်ဆီးမှုအတွက် လူငယ် ရဦးကို မလေးရှားရဲတပ်ဖွဲ့ဖမ်းဆီး

ဘာသာရေးကျောင်းကို မီးရှို့ဖျက်ဆီးမှုအတွက် လူငယ် ရဦးကို မလေးရှားရဲတပ်ဖွဲ့ဖမ်းဆီး

စက်တင်ဘာ ၁၇  ။            ။ လက်စားချေလိုသည့် ရည်ရွယ်ချက်ဖြင့် ဘာသာရေးကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြသော သံသယရှိရသူ လူငယ် ၇ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်းမီဒီယာများက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။

လွန်ခဲ့သော ကြာသာပတေးနေ့က ကွာလာလမ်ပူမြို့ အရှေ့မြောက်ပိုင်းရှိ ကာရာမတ်မြို့မှ မူစလင်ကျောင်း တစ်ခု၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဆရာများနှင့် ကျောင်းသားများအပါအဝင် စုစုပေါင်း ၂၃ဦးခန့် သေဆုံးခဲ့သည်။

ဖမ်းဆီးခဲ့သော သံသယရှိရသူလူငယ်များမှာ အသက် ၁၁နှစ်မှ ၁၈ နှစ်ကြားရှိ ယောင်္ကျားလေးများဖြစ်ကြပြီး ကျောင်းနားရှိ ရပ်ကွက်၌ နေထိုင်ကြသူများဖြစ်ကာ ၎င်းတို့ကို သောကြာနှင့် စနေနေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကျောင်းသားများနှင့် ရန်ပွဲဖြစ်ပွားခဲ့ပြီးနောက်တွင် မကျေနပ်သော လူတစ်စုက မီးရှို့ခဲ့သောကြောင့် ဘာသာရေး ကျောင်း၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ယူဆရကြောင်း ရဲမှူးချုပ် အာမာဆင်းက စနေနေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

သံသယရှိရသော လူငယ် ၇ဦးကို စီစီတီဗီမှတ်တမ်းများ ကြည့်ရှု၍ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထိုထဲမှ လူငယ် ၂ဦးသည် ရာဇဝတ်မှုကျူးလွန်ခဲ့ဖူးသော မှတ်တမ်းရှိထားပြီး ၆ဦးခန့်မှာ ဆေးခြောက်များသုံးစွဲထားသည်ကို တွေ့ရှိခဲ့ရ သည်။

မီးလောင်ကျွမ်းမှုသည် မနက်အာရုဏ်တက်ချိန်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူများသည် ဗြူတိန်း ဓာတ်ငွေ့ဘူးများကို ကျောင်း၏ဒုတိယထပ်၌ ထည့်သွင်းထားခဲ့သောကြောင့် လျင်လျင်မြန်မြန်နှင့် လောင်ကျွမ်း ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ထိုမီးအတွင်းမှ ကျောင်းသား ၁၂ဦးနှင့် ဆရာ ၂ဦး လွတ်မြောက်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly