ချူဆီရုပ်ရှင်ဇာတ်ကားကို မင်းဦးက ဒါရိုက်တာအဖြစ် ပွဲဦးထွက် ရိုက်ကူးမည်

ချူဆီရုပ်ရှင်ဇာတ်ကားကို မင်းဦးက ဒါရိုက်တာအဖြစ် ပွဲဦးထွက် ရိုက်ကူးမည်

ရန်ကုန် ၊ စက်တင်ဘာ ၁၆။          ။ ချူဆီရုပ်ရှင်ဇာတ်ကားကို မင်းဦးက  ဒါရိုက်တာအဖြစ် ပွဲဦးထွက် ရိုက်ကူးမည်ဖြစ်ပြီး စက်တင်ဘာ ၂၁ရက်မှ စတင်ပြီး ရိုက်ကူးသွားတော့မည် ဖြစ်သည်။

ချူဆီ ရုပ်ရှင်ဇာတ်ကားကြီး  ကန်တော့ပွဲပေး အခမ်းအနား နှင့် အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေး ၏ တစ်နှစ်ပြည့် အခမ်းအနားကို စက်တင်ဘာ ၁၆ရက်တွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဇာတ်လမ်း စုမောင်မောင် ၊ ဇာတ်ညွှန်း မိုးနီလွင် ဖြစ်ပြီး ဒါရိုက်တာ အကယ်ဒမီ မင်းဦး ဖြစ်ကာ သရုပ်ဆောင်များ အဖြစ် ကျော်ထက်အောင် ၊ အေးမြတ်သူ ၊ မယ်လိုဒီ ၊ အိချောပို ၊ နန်းဆုဦး ၊ မေ တို့က အဓိက ပါဝင် သရုပ်ဆောင်ကြမည် ဖြစ်သည်။

မင်းဦး က “ဒါရိုက်တာ တစ်ယောက် အဖြစ် ရိုက်ကူးရမှာဆိုတော့ တာဝန်အရမ်းကြီးပါတယ်။ ဒီဇာတ်ကားက မင်းသား ၊ မင်းသမီး ၂ယောက်တည်း မဟုတ်ဘူး သရုပ်ဆောင် တွေ အများကြီးပါတော့ ကာရိုက်တာ အများကြီးကို ကိုင်ရမှာဆိုတော့ စိန်ခေါ်မှု တစ်ခုပါပဲ ။ ဒါကို အကောင်းဆုံး ဖြစ်အောင် အစ်ကို့ဘက်ကနေ အကောင်အထည် ဖော်ပေးရမှာပေါ့” ဟု ပြောသည်။

အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ပင်တိုင် မင်းသားတစ်ဦး ဖြစ်သည့် သရုပ်ဆောင် ကျော်ထက်အောင်အနေဖြင့် မကြာခင်က ရုံတင်ပြသခဲ့သည့် သူငယ် ရုပ်ရှင်ဇာတ်ကားတွင် ပရိသတ်အားပေးမှု ရခဲ့သလို ချူဆီ ရုပ်ရှင်ဇာတ်ကားတွင်လည်း မင်းသမီး ၅ဦး နှင့်အတူ အပြိုင် သရုပ်ဆောင်ရမည့် ဇာတ်ကား တစ်ကား ဖြစ်သည်။

“ချူဆီ ဇာတ်ကားမှာ ကျွန်တော်က ဘဝဆိုးဖူးတဲ့ကောင်လေး အလုပ်တစ်ခု ရလာတော့ တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ပြီး အလုပ်ပေါ်မှာ တွေ့ကြုံလာရတဲ့ အမျိုးသမီး ပေါင်းစုံနဲ့ နှလုံးသားရေးရာ ကိစ္စတွေ ၊ အရှုပ်အထွေး အခက်ခဲတွေကို ဖြေရှင်းတဲ့ ဇာတ်ကားတစ်ကားပါ။ ဒီကားအတွက် ဆံပင်ညှပ်ရမယ် ။ အဝတ်အစားဆိုလည်း ကိုမင်းဦး ရွေးပေးထားတဲ့ အဝတ်အစားတွေ ရှိတယ်။ ဒါတွေကို ဒီကားထဲမှာ တွေ့မြင်ရမှာပါ” ဟု ပြောသည်။

ချူဆီ ရုပ်ရှင်ဇာတ်ကားကြီး  ရန်ကုန်မြို့တွင်းတွင် ရိုက်ကူးသွားမည် ဖြစ်ပြီး သရုပ်ဆောင် မင်းဦး၏ ပထမဆုံး ဒါရိုက်တာ အဖြစ် ပုံဖော်ရိုက်ကူးမှုများကို တွေ့မြင်ရမည် ဖြစ်သည်။

ထို့ပြင် ချုဆီရုပ်ရှင်ကားကို ထုတ်လုပ်သော အောင်ခေတ်မင်း ရုပ်ရှင် ထုတ်လုပ်ရေးမှ ရိုက်ကူးထားသည့် ဂန္တဝင်အငြိုး ၊ ကြယ် ၊ စရိုက် စသည့် ရုပ်ရှင်ဇာတ်ကားများကိုလည်း ရုံတင် ပြသနိုင်ရန် စီစဉ်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly