မုန်းတိုင်းဒေ့ါဆူရီ အကျိုးဆက်အဖြစ် ဒေသအချို့တွင် လေပွေလှိုင်းများ ဖြတ်ကျော်မည်

မုန်းတိုင်းဒေ့ါဆူရီ အကျိုးဆက်အဖြစ် ဒေသအချို့တွင် လေပွေလှိုင်းများ ဖြတ်ကျော်မည်
 
 
 

ရန်ကုန်၊ စက်တင်ဘာလ ၁၆ ။          ။ ယမန်နေ့က ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်သွားသော တိုက်ဖွန်းမုန်တိုင်း ဒေါ့ဆူရီသည် မြန်မာနိုင်ငံ၏ နေရာဒေသတစ်ချို့တွင် အရှေ့လေပွေလှိုင်းအနေဖြင့် ဖြတ်ကျော်သွားမည်ဟု မိုးလေဝသပညာရှင် ဦးထွန်းလွင်က ခန့်မှန်းထားသည်။

အနောက်ဖက်သို့ရွေ့လျားနေသည့် ယင်းမုန်တိုင်း၏အကြွင်းအကျန်များသည် မြန်မာနိုင်ငံအနီး၌ လေဖိအားနည်းရပ်ဝန်း အဖြစ် ထပ်မံအားလျော့သွားပြီး  ရှမ်းပြည်နယ်နှင့် အလယ်ပိုင်းဒေသများအပြင် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့အား လေပွေလှိုင်း ဖြတ်ကျော်သွားမည်ဟု သိရသည်။

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် တိုင်ဖွန်းမုန်တိုင်း ဒေ့ါဆူရီသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်သို့ စက်တင်ဘာ ၁၆ ရက်နေ့ ညနေတွင် ရောက်ရှိလာနိုင်သည်ဟုယခင်က ခန့်မှန်းထားသော်လည်း ယခု အားပျော့သွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဒေါ့ဆူရီ မုန်တိုင်းသည် ဗီယက်နမ်လယ်ပိုင်းကမ်းခြေကို ဖြတ်ကျော်ခဲ့ပြီး လေတိုက်နှုန်းအများဆုံး တစ်နာရီ (၃၅)မိုင်ခန့်ဖြင့် အနောက်ဖက်သို့ ဆက်လက်ရွေ့လျားလျက် ရှိသည်ဟု စက်တင်ဘာလ ၁၆ ရက် နံနက်(၀၆း၃၀)နာရီအချိန်တိုင်းတာချက်ကို မိုးလေဝသပညာရှင် ဦးထွန်းလွင်က ယနေ့ စက်တင်ဘာလ ၁၆ ရက် နေ့လည်က ပြောထားသည်။

အဆိုပါမုန်တိုင်းမှာ ကြီးမားပြီး အားကောင်းခဲ့သည့်အတွက် မပျက်ပြယ်ဘဲ ကုန်းတွင်းမုန်တိုင်းအဖြစ် ထိုင်း၊ လာအိုနိုင်ငံ တို့ဘက် ရွေ့လျားနေခြင်း ဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် စိုးရိမ်ပူပန်စရာမရှိကြောင်း မိုးဇလမှ သိရသည်။

လက်ရှိတွင် မွန်၊ ကရင်၊ တနင်္သာရီ၊ ကယားပြည်နယ်၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့မှာ ၎င်းမုန်တိုင်း၏ တိမ်တိုက် ဖြတ်သန်းမသွားသေးသရွေ့ မိုးဆက်လက်ရွာသွန်းနေမည်ဖြစ်ပြီး  အဆိုပါဒေသများ၌ လေပွေလှိုင်းနှင့် လေပြင်းများ တိုက်ခတ်နိုင်သည်ဟုလည်း မိုးလေဝသနှင့်ညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။

သို့သော်လည်း ဒေါ့ဆူရီအကြွင်းအကျန်တိမ်တိုက်များကြောင့် မြန်မာနိုင်ငံတွင် ထိခိုက်မှုကြီးကြီးမားမားဖြစ်ပွားရန် မရှိကြောင်း မိုးလေဝသနှင့်ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်းက သုံးသပ်သည်။

"ကြီးကြီးမားမားဖြစ်စရာမရှိဘူး။ မုန်တိုင်းဆိုတာက ရေထဲမှာပဲ သူ့အစားအသောက်ရှိတာ ။ လူမမာလိုပေါ့ ။ ကုန်းထဲဝင်လိုက်တာနဲ့ မုန်တိုင်း ပုံမှန်သေရမယ် ။ ဒါပေမယ့် လူမမာကသိပ်အားရှိတဲ့အခါကျတော့ မျောသွားတာပေါ့ ။ အကြွင်းအကျန် ဆက်ရှိနေတာပေါ့ ။ ဒီတိမ်တိုက် ရေထဲပြန်မရောက်မချင်း အားမကောင်း ဘူး"ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required