သင့်သွားတွေ ဖြူဖွေးလာစေဖို့အတွက် နည်းလမ်းကောင်း ဆယ်ချက်

သင့်သွားတွေ ဖြူဖွေးလာစေဖို့အတွက် နည်းလမ်းကောင်း ဆယ်ချက်

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

သင့်သွားတွေ ဝါကျင့်ကျင့်ဖြစ်နေပါသလား၊ ကွမ်းဂျိုးတွေကပ်ပြီး မည်းတူးနေပါသလား။

သွားအရောင်ဝါတာ၊ ညစ်တာ၊ မည်းတာ၊ နီရဲတာတွေဟာ အသက်အရွယ်အိုမင်းမှုကြောင့် ဖြစ်လာနိုင်သလို တချို့အစားအသောက်တွေ၊ အချိုရည်တွေကြောင့် ဒါမှမဟုတ် အာလုပ်ကျင်းတဲ့အရည်တွေကြောင့်တောင် ဖြစ်ပေါ်လာနိုင်ပါတယ် (ကွမ်းစားတာကတော့ ထိပ်ဆုံးကပါတာပေါ့)။ အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် သင့်သွားတွေကို ပိုမိုဖြူစင်ဝင်းပစေမှာဖြစ်ပြီး သွားကိုအရောင်စွန်းထင်းစေတဲ့ အစားအသောက်တွေကိုပါ ရှောင်ကြဉ်လိုက်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပဲပေါ့။
ကဲ ပြုံးအလှပိုင်ရှင်လေးဖြစ်ဖို့ လျှို့ဝှက်ချက်တွေကို ကြည့်လိုက်ရအောင်။

အိမ်မှာနေရင်းပဲ သွားတွေဖြူဖွေးအောင် လုပ်ကြမယ်။

အပေါ်ယံလောက် အစွန်းအထင်းရှိတာမျိုးကတော့ သင့်ဖာသာအိမ်မှာပဲ ဖယ်ရှားလို့ရပါတယ်။ သွားချေးချွတ်တဲ့ပစ္စည်းလေးတွေ၊ ကပ်ခွါပြားလေးတွေ၊ သွားတိုက်ဆေးတွေနဲ့  အာလုပ်ကျင်းဆေးရည်တို့ဟာ သင့်သွားမှာရှိတဲ့ အစွန်းအထင်းတွေကို သက်သာစေပါလိမ့်မယ်။ ဟိုးအရင်ကတည်းက အသုံးပြုခဲ့ကြတဲ့ ရှေးဟောင်းနည်းလမ်းတွေလည်း ရှိပါသေးတယ်။
ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ သွားဖြူဆေးတွေဟာ သင့်ရဲ့ဝါကျင့်ကျင့်သွားတွေကို ဖြူစင်ဝင်းပစေဖို့အတွက် ချွတ်ဆေးအပျော့စားလေးတွေကို အသုံးပြုထားတာဖြစ်ပြီး သွားတိုက်ဆေးတွေကတော့ သွားကိုပွတ်တိုက်ပြီး အစွန်းချွတ်ပေးနိုင်တဲ့ဓာတ်ပစ္စည်းတွေကို သုံးစွဲထားတာဖြစ်ပါတယ်။ အပေါ်ယံမကဘဲ အောက်အလွှာတွေထိပါ စွန်းထင်းနေတာမျိုးဆိုရင်တော့ သွားဆရာဝန်နဲ့ ပြသဖို့လိုပါလိမ့်မယ်။

သွားကိုဖြူစင်ဝင်းပစေတဲ့ ပစ္စည်းတွေ

ဒီပစ္စည်းတွေမှာ carbamide peroxide လို့ခေါ်တဲ့ ဓာတုဗေဒပစ္စည်းတမျိုးနဲ့အပေါ်ယံလွှာသာမက အောက်ခြေအလွှာမှာရှိတဲ့ အစွန်းအထင်းတွေကိုပါ ဖယ်ရှားပေးနိုင်တဲ့ချွတ်ဆေးတို့ပါဝင်ပြီး သင့်သွားရဲ့နဂိုသဘာဝအရောင်အတိုင်း အမှန်တကယ် ပြန်ဖြစ်သွားစေတာကြောင့် သင့်သွားမှာ ကော်ဖီဂျိုးကပ်နေတယ်ဆိုရင် ဒီပစ္စည်းလေးတွေက ကူညီပေးပါလိမ့်မယ်။
အသုံးပြုပုံကတော့ ပစ္စည်းတစ်ခုနဲ့တစ်ခု အနည်းငယ်ကွဲပြားပါတယ်။ တချို့ပစ္စည်းတွေမှာဆိုရင် peroxide ကို အခြေခံထားတဲ့ gelဂျယ်လ်လေးကို သွားပွတ်တံအသေးစားလေးကိုသုံးပြီး သွားမျက်နှာပြင်ပေါ်ကို ပွတ်ပေးရမှာဖြစ်ကာ တချို့ပစ္စည်းတွေမှာကျပြန်တော့ ဂျယ်လ်ဟာ အံကပ်လေးထဲမှာ တခါတည်းပါလာတာဖြစ်ပါတယ်။ ဒီအံကပ်လေးကို တစ်နေ့နာရီဝက်ကနေ လေးဆယ့်ငါးမိနစ်လောက်အထိ တပ်ထားရမှာဖြစ်ပြီး ကာလအားဖြင့် တစ်ပတ် ဒါမှမဟုတ် ဒီ့ထက်ကြာကြာနေ့စဉ်တပ်ပေးရမှာ ဖြစ်ပါတယ်။

ကပ်ခွါပြားလေးတွေ

သူတို့ဟာလည်း သွားအစွန်းအထင်းတွေကို ဖယ်ရှားရာမှာ ကူညီပေးနိုင်ပါတယ်။ ဒီကပ်ခွါလေးတွေဟာ အင်မတန်ပါးပါးလျလျရှိလှပြီး peroxide အခြေခံထားတဲ့ သွားဖြူဂျဲလ်ပါဝင်ပါတယ်။ တစ်နေ့ကို မိနစ်အနည်းငယ်လောက်စီနဲ့ နေ့စဉ်ကပ်ပေးရမှာဖြစ်ပြီး တစ်ပတ်ကျော်လောက် အသုံးပြုရပါမယ်။ ရက်အနည်းငယ်အတွင်းမှာပဲ သိသာလာမှာဖြစ်ပြီး တစ်ခါလုပ်ထားရင် အနည်းဆုံးတစ်နှစ်လောက်အထိ အကျိုးသက်ရောက်မှု ရှိစေပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ သွားဖြူပစ္စည်းနဲ့ယှဉ်ရင် ရလဒ်ပိုင်းမှာအရမ်းကြီးမသိသာဘူးဆိုပေမယ့် ဒီကပ်ခွါပြားလေးတွေဟာ အသုံးပြုရလွယ်ကူပြီး လုပ်ပုံလုပ်နည်း မှားယွင်းအသုံးပြုမိစရာလည်း လုံးဝမရှိပါဘူး။

သွားကိုဖြူဖွေးစေတဲ့ သွားတိုက်ဆေးတွေနဲ့အာလုပ်ကျင်းဆေးတွေ

သင့်သွားအစွန်းအထင်းတွေကို ဘယ်လိုဖယ်ရှားမလဲ။ ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ သွားတိုက်ဆေးတွေ၊ ဂျဲလ်တွေနဲ့အာလုပ်ကျင်းဆေးတွေဟာ သွားအစွန်းအထင်းတွေကို ကူညီဖယ်ရှားပေးနိုင်ပါတယ်။ သူတို့တွေအများစုမှာ သွားကိုသန့်စင်စေတဲ့ ဓာတုဗေဒပစ္စည်းတွေနဲ့သွားကိုဖြူစင်တောက်ပြောင်စေတဲ့ ပစ္စည်းတွေပါဝင်ပါတယ်။ ချေးချွတ်တဲ့ပစ္စည်းတွေနဲ့မတူတာက သူတို့ဟာသွားရဲ့ သဘာဝအရောင်ကို မပြောင်းလဲစေပါဘူး။

အိမ်တွင်းသုံးပစ္စည်းလေးတွေနဲ့သွားဖြူအောင်လုပ်ကြမယ်။

ရှေးယခင်ကတည်းက အသုံးပြုခဲ့တဲ့နည်းလမ်းဖြစ်တဲ့ မုန့်ဖုတ်ဆိုဒါနဲ့ သွားတိုက်ဆေးကိုရောပြီး တိုက်တာမျိုးကိုလည်း တချို့လူတွေအသုံးပြုနေကြတုန်းပဲ ဖြစ်ပါတယ်။ ပန်းသီး၊ သစ်တော်သီး၊ မုန်လာဥနီ အစရှိတဲ့အစားအစာတွေဟာ တံတွေးများများထွက်စေတဲ့အတွက် သွားမှာကပ်နေတဲ့အစာဖတ်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ သကြားမပါတဲ့ ပီကေကိုဝါးပေးခြင်းအားဖြင့်လည်း သွားကိုသန့်စင်စေနိုင်ပြီး တံတွေးများများထွက်စေပါတယ်။ တံတွေးထွက်တာကြောင့် ဘာကောင်းလဲလို့မေးရင် တံတွေးဟာသွားကိုပျက်စီးစေတဲ့အက်ဆစ်တွေကို ဓာတ်ပြယ်စေနိုင်တဲ့အတွက် သွားနဲ့ပတ်သက်လာရင် တံတွေးများလေကောင်းလေပဲ ဖြစ်ပါတယ်။

အရင်က သွားစိုက်ထားတာမျိုး၊ ပြုပြင်ထားတာမျိုးရှိရင်

တကယ်လို့သင့်မှာသွားစိုက်ထားတာ၊ ပြုပြင်ထားတာ၊ သွားစွပ်စွပ်ထားတာမျိုးရှိရင် သွားကို ဖြူဖွေးသန့်စင်အောင်လုပ်တဲ့အခါ သတိထားသင့်တဲ့အချက်လေး ရှိနေပါတယ်။ ဂျီးချွတ်တာဟာ သဘာဝသွားတွေကိုပဲ ဖြူဖွေးတောက်ပြောင်စေမှာဖြစ်ပြီး စိုက်ထားတဲ့သွားကိုတော့ အကျိုးသက်ရောက်မှုမရှိတဲ့အတွက် သွားဖြူဖြူတွေကြားထဲမှာ သူတယောက်တည်း ထင်းထင်းကြီး ဖြစ်နေနိုင်ပါတယ်။
ဒါကြောင့်သင့်ရဲ့ ပြန်လည် ဖြူဖွေးလာတဲ့ သွားလေးတွေနဲ့လိုက်လျောညီထွေရှိစေဖို့အတွက် သဘာဝအတိုင်းမဟုတ်တဲ့သွားကို ပြန်လည်ပြုပြင်တာမျိုး လုပ်ဖို့လိုအပ်ပါလိမ့်မယ်။
သွားအစွန်းအထင်းတွေကို ကာကွယ်ပါ။

ကျွန်တော်တို့အသက်ကြီးလာတာနဲ့အမျှ သွားရဲ့အပေါ်ယံကြွေလွှာဟာ တဖြည်းဖြည်းပျက်စီးလာပြီး အောက်ခံအလွှာက ပိုဝါလာပါတယ်။ ဒါကြောင့် သွားအစွန်းအထင်းတွေ ဖြစ်မလာအောင် ကြိုတင်ကာကွယ်ဖို့ အရမ်းပဲအရေးကြီးပါတယ် (အထူးသဖြင့် သွားတွေဖြူဖွေးအောင် လုပ်ပြီးကာစမှာပေါ့)။ တကယ်လို့သင်ဟာသွားကို အရောင်စွန်းစေတဲ့အစားအသောက်တွေကို သတိထားပြီးရှောင်ကြဉ်မယ်ဆိုရင် သွားချေးချွတ်ထားတာဟာ တစ်နှစ်လောက်အထိ တာရှည်ခံမှာ ဖြစ်ပါတယ်။ သွားတွေကို ဖြူစင်ဝင်းပအောင် ခဏခဏချေးချွတ်တာမျိုးလုပ်လွန်းရင်လည်း သွားတွေကပါးလာ၊ ကြည်လာပြီး အပြာရောင်ပြောင်းလာနိုင်တဲ့အတွက် သင့်အနေနဲ့ကြိုတင်ကာကွယ်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

သွားလေးတွေ ဖြူဝင်းနေစေချင်ရင် ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်တာဟာ ကျန်းမာရေးကိုထိခိုက်စေရုံသာမက သွားအစွန်းအထင်းတွေကို ဖြစ်စေနိုင်တဲ့ အဆိုးရွားဆုံးသောအကြောင်းရင်း ဖြစ်ပါတယ်။ ဆေးရွက်ကြီးဟာ သွားကိုညိုညစ်ညစ်အရောင် ဖြစ်စေနိုင်ပြီး ဒီအစွန်းအထင်းတွေဟာ သွားရဲ့ကြွေလွှာကိုပါ ထိုးဖောက်စိမ့်ဝင်သွားနိုင်ပါတယ်။ ဆးရွက်ကြီးအစွန်းဟာ အင်မတန်ချွတ်ရခက်ပါတယ်။ သွားတိုက်တာတသ်ခုတည်းလောက်နဲ့တော့ မရပါဘူး။ ဆေးလိပ်သောက်တဲ့သက်တမ်းရင့်လေလေ၊ သင့်သွားအရောင်ပိုရင့်လေ၊ အစွန်းအထင်းတွေပိုစွဲလေပဲ ဖြစ်ပါတယ်။ ဆေးလိပ်သောက်တာဟာ ခံတွင်းနံ့နံစေတဲ့အပြင် သွားဖုံးရောဂါတွေကိုလည်း ဖြစ်စေနိုင်ကာ ကင်ဆာမျိုးစုံဖြစ်ပွားနိုင်ချေတွေကိုလည်း ပိုများလာစေပါတယ်။

သွားကိုအရောင်စွန်းစေတဲ့ အစားအစာတွေ

သင်ဘာပဲစားစားသတိထားပါ။ ဆင်ခြင်ပြီးစားပါ။ လူအများစု စားနေကျအစားအစာအများအပြားဟာ သွားတွေကို အရောင်စွန်းထင်းစေပါတယ်။ ဘယ်လိုအစားအစာမျိုးက သွားတွေကို အရောင်စွန်းထင်းစေသလဲဆိုတာ အလွယ်တကူစမ်းသပ်နိုင်ပါတယ်။ အဖြူရောင်ချည်ထည်အင်္ကျီကို စွန်းထင်းစေနိုင်တဲ့အစားအစာဟာ သွားတွေကိုလည်း စွန်းထင်းစေနိုင်ပါတယ်လို့သွားဆရာဝန်တွေက ဆိုပါတယ် (ဥပမာ- ကော်ဖီ၊ ကွမ်းသွေးစသဖြင့်ပေါ့)။ လက်ဖက်ရည်၊ ကိုလာလိုအမည်းရောင်အအေးတွေနဲ့သစ်သီးဖျော်ရည်တွေဟာလည်း သွားကိုအရောင်စွန်းထင်းစေနိုင်ပါတယ်။ ဒီအစွန်းအထင်းတွေဟာ တဖြည်းဖြည်းချင်းထွက်ပေါ်လာတာဖြစ်ပြီး အသက်အရွယ်ကြီးလာတဲ့အခါ ပိုပြီးသတိထားမိလာပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly