ဘင်္ဂါလီများအား ရိက္ခာရောင်းသည်ဟုဆိုကာ လူအုပ်စုဖွဲ့ ရိုက်နှက်ခံခဲ့ရသော အမျိုးသမီးက ပုဒ်မသုံးခုဖြင့် အမှုဖွင့်

ဘင်္ဂါလီများအား ရိက္ခာရောင်းသည်ဟုဆိုကာ လူအုပ်စုဖွဲ့ ရိုက်နှက်ခံခဲ့ရသော အမျိုးသမီးက ပုဒ်မသုံးခုဖြင့် အမှုဖွင့်

 မြေပုံ၊ စက်တင်ဘာ ၁၆ ရက်။        ။ ရခိုင်မြောက်ပိုင်း၊ မြေပုံမြို့နယ်က ဘင်္ဂါလီများအား ရိက္ခာရောင်းသည်ဟု ဆိုကာ လူအုပ်စုဖွဲ့ ရိုက်နှက်ခဲ့မှုတွင် တာဝန်ရှိသူများအား ထိခိုက်နာကျင်စေမှု၊ ဂုဏ်သိက္ခာကျဆင်းမှု၊ ကာယအိန္ဒြေထိခိုက်စေမှုတို့ဖြင့် တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး အမှုဖွင့်လိုက်ပြီ ဖြစ်ကြောင်း မြေပုံရဲစခန်း စခန်းမှူး ဒုရဲမှူး အောင်တင်မိုးက ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်က မဇ္ဈိမသို့ ပြောသည်။

“အဲဒီကိစ္စ အမှုဖွင့်ထားပါပြီ။ မနေ့ညပိုင်းက ဖွင့်တာပါ။ ဆေးထောက်ခံစာ စောင့်နေလို့ နည်းနည်း ကြာသွားတာပါ။ ခုတော့ ကျွန်တော်တို့ မျက်မြင်သက်သေများကို ခေါ်ယူစစ်ဆေးဖို့ လုပ်နေပါတယ်။ အမှုဖွင့်ခံထားရသူတွေကိုလည်း အကြောင်းကြားထားပါပြီ” ဟု မြေပုံရဲစခန်း စခန်းမှူး ဒုရဲမှူး အောင်တင်မိုးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့က မြေပုံမြို့နယ် ရွာသစ်ကေ ကျေးရွာနေ မစိုးချေဆိုသူအား ဘင်္ဂါလီများကို ရိက္ခာပို့သည်ဟု ဆိုကာ စွပ်စွဲချက်ဖြင့် ဖမ်းဆီးကာ လူအုပ်များက ကန်ကျောက်ခြင်း၊ လက်သီးဖြင့် ထိုးခြင်း၊ ဆံပင်များဖြတ်ခြင်း၊ လည်ပင်းတွင် အမျိုးသား သစ္စာဖောက်ဟု စာကို ချိတ်ဆွဲလျက် မြို့တစ်ပတ်လှည့်ခြင်းတို့ကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စွပ်စွဲခံရသူ မစိုးချေက မိမိအနေနှင့် ဘင်္ဂါလီများကို ရိက္ခာမရောင်းဟု ငြင်းဆိုထားသလို ယခုအမှုဖွင့်ရာတွင်လည်း ပါဝင်သူများအားလုံးကို တိတိကျကျ မမှတ်မိဟု ဆိုခဲ့သော်လည်း စတင်ဖမ်းဆီးခဲ့သူ ၃ ဦးအား မှတ်မိသည်ဟု ဆိုသည်။

“ အဲဒီအချိန်မှာ ဘယ်သူရယ်လို့ မမှတ်မိတော့ပါဘူး။ အားလုံးက ကျွန်မကို ဝိုင်းပြီးမှ ထိုးကြိတ်နေကြတာ။ ကြောက်တာရယ်၊ နာကျင်တာရယ်ကြောင့် ဘယ်သူဘယ်သူမှန်းမသိပါဘူး။ ဒါပေမယ့် ကျွန်မကို စတင်ဖမ်းဆီးခဲ့တဲ့ လူ ၃ ဦးကိုတော့ သိပါတယ်။ တစ်ယောက်က မအေးဝင်းကြည်၊ နောက်တစ်ယောက် မစိုးပါ။ ကျန်တစ်ယောက်ကတော့ မြင်ရင်သိပါတယ်။” ဟု မစိုးချေက ပြောသည်။

မြေပုံမြို့နယ် ရဲစခန်းမှလည်း ယခုအမှုအား ၁၃၂/၂၀၁၇ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၃၊ ၅၀၀၊ ၃၅၄ စသည့် ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားရာတွင် အဆိုပါ မအေးဝင်းကြည်နှင့် မစိုးတို့ ပါဝင်ကြောင်း အတည်ပြုသည်။

မအေးဝင်းကြည်မှာ မြေပုံမြို့နယ် ရခိုင်အမျိုးသမီးကွန်ရက်၏ အတွင်းရေးမှူးတစ်ဦးဖြစ်ပြီး ယခုလို အမှုဖွင့်ခံထားရမှုနှင့် ပတ်သက်ပြီး ကာယကံရှင်အား ဆက်သွယ်၍ မရခဲ့သော်လည်း အဆိုပါ ကွန်ရက်၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်ခင်သိန်းက ယခုလို ပြောသည်။

“ မအေးဝင်းကြည်က ကျွန်မတို့ရဲ့ အတွင်းရေးမှူးတစ်ဦးဖြစ်တယ်။ သူ့ကလေး နေမကောင်းလို့ ကျွန်မနဲ့ မတွေ့တာလည်း နှစ်ရက်သုံးရက်က ရှိနေပြီ။ ဆိုတော့ ကျွန်မအနေနဲ့ကလည်း တိတိကျကျ မသိပါဘူး။ ဒါပေမယ့် တစ်ဘက်က ခုလို မအေးဝင်းကြည်ကို နာမည်တပ်ပြီးမှ တရားစွဲလာတယ်။ ကွန်ရက်နာမည်ကလည်း ပါလာတယ်ဆိုတော့ ဘာပြောပြော ရင်ဆိုင်ရမှာ။ ကျွန်မတို့ဘက်ကလည်း ကျွန်မတို့နဲ့ မဆိုင်ကြောင်းကိုတော့ သက်သေပြရမှာပဲ” ဟု ရခိုင်အမျိုးသမီးကွန်ရက် ၊ မြေပုံမြို့နယ် ဥက္ကဋ္ဌ ဒေါ်ခင်သိန်းက ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် မဇ္ဈိမသို့ ပြောသည်။

ယခုလို အမှုဖွင့်ဆိုထားမှုနှင့် ပတ်သက်ပြီး ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လည်တွင် မြို့မိမြို့ဖများ ပါဝင်သော မြို့လူထုအစည်းအဝေးတစ်ရပ်ကို မြေပုံမြို့နယ်   တောင်ကျောင်းဘုန်းတော်ကြီးကျောင်းတွင်  ပြုလုပ်သွားမည်ဖြစ်ပြီး ယခုဖြစ်စဉ်အပေါ် မည်သို့ ဆက်လက်ကိုင်တွယ်ဖြေရှင်းမည်ကို အစည်းအဝေးက ဆုံးဖြတ်သွားမည်ဟု ဒေါ်ခင်သိန်းက ပြောသည်။

လူအုပ်၏ ရိုက်နှက်မှုကို ခံခဲ့ရသော မြေပုံမြို့နယ် ရွာသစ်ကေ ကျေးရွာနေ မစိုးချေမှာ အဆိုပါ ထိုးကြိတ် ဒဏ်ရာများကြောင့် ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်ကာ စတင်ကာ မြေပုံမြို့နယ်ဆေးရုံတွင် တက်ရောက်ကုသခံနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required