မြန်မာ့ဒီမိုကရေစီ ရက်သတ္တပတ်ရုပ်ရှင်ပွဲတော် ဖွင့်လှစ်

မြန်မာ့ဒီမိုကရေစီ ရက်သတ္တပတ်ရုပ်ရှင်ပွဲတော် ဖွင့်လှစ်

ရန်ကုန် ၊ စက်တင်ဘာ ၁၅ ။      ။ မြန်မာ့ဒီမိုကရေစီ ရက်သတ္တပတ် ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၅ရက်တွင် ရန်ကုန်မြို့ရှိ သမ္မတ ရုပ်ရှင်ရုံ ၊Junction City ရုပ်ရှင်ရုံ ၊ နဝဒေး ရုပ်ရှင်ရုံတို့၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာ့ဒီမိုကရေစီ ရက်သတ္တပတ်ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့် ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့ တက်ရောက်ဖွင့်လှစ်ခဲ့ပြီး အနုပညာရှင် များလည်း တက်ရောက်ခဲ့ကြသည်။

မြန်မာ့ဒီမိုကရေစီ ရက်သတ္တပတ် ရုပ်ရှင်ပွဲတော်အတွက် ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကား ၅ကားကို ပွဲတော်ရက် ဖြစ်သည့် စက်တင်ဘာ ၁၅ မှ ၂၁ရက်အထိ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ပြသသွားမည် ဖြစ်သည်။

ပြသမည့် ရုပ်ရှင်ဇာတ်ကား ၅ကားမှာ ဒါရိုက်တာ စံရွှေမောင် (အောင်လွင်) ရိုက်ကူးပြီး သရုပ်ဆောင် ထွန်းထွန်း ၊ ယုသန္တာတင် ၊ ယဉ်လတ် တို့ ပါဝင် သရုပ်ဆောင်ထားသည့် သရာစောထိ ရုပ်ရှင်ဇာတ်ကား ၊ ဒါရိုက်တာ မင်းညီ (ရင်နှင့်ရင်းသည်) ရိုက်ကူးပြီး သရုပ်ဆောင်သစ်များ နှင့် ဝါရင့်အနုပညာရှင်များ ပါဝင်သည့် ဒီမိုရပ်ကွက် ရုပ်ရှင်ဇာတ်ကား ၊ Forever Group မှ ရိုက်ကူးပြီး သရုပ်ဆောင် နိုင်နိုင်း ၊ ရဲအောင် ၊ ထိုက်စံမော့စ် ၊ ဝါဆိုမိုးဦး ၊ ဂျူးဂျူးကေ ၊ မြတ်သူသူဇင်တို့ ပါဝင်သည့် ကြီးမြတ်သောမြန်မာ ရုပ်ရှင်ဇာတ်ကား ၊ ဒါရိုက်တာ JZ ဒေါင်လွဏ်း ရိုက်ကူးပြီး သရုပ်ဆောင် နေမင်း ၊ စည်ဖြိုး ၊ JZ ဒေါင်လွဏ်း ၊ သင်ဇာဝင့်ကျော် တို့ ပါဝင်သည့် တိမ်ပြာသော နေ့ ရုပ်ရှင်ဇာတ်ကားတို့ပဲ ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီ ရက်သတ္တပတ် ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၁၅ရက်မှ ၂၁ရက် အထိ ရက်သတ္တပတ် တစ်ပတ်ကြာ ကျင်းပပြုလုပ်မည် ဖြစ်ပြီး ရုပ်ရှင်ပွဲတော် အပြင် ပဒေသာကပွဲ ၊ အငြိမ့်ပြိုင်ပွဲ တို့ကိုလည်း ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

စက်တင်ဘာ ၁၅ရက်မှ စတင်ပြီး ပြသမည့် ရုပ်ရှင်ဇာတ်ကား ၅ကား အတွက် ပြမည့် ပွဲချိန်များကိုလည်း ရုပ်ရှင်ရုံများမှ ထုတ်ပြန်ကြေညာထားပြီး ဖြစ်သလို တစ်နေ့ကို ၅ပွဲပြသပေးမည် ဖြစ်ကာ ပွဲချိန် ၁ပွဲကို တစ်ကားပြသပေးမည် ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီ ရက်သတ္တပတ် ရုပ်ရှင်ပွဲတော် ဖွင့်ပွဲနေ့ ဖြစ်သည့် စက်တင်ဘာ ၁၅ရက်နေ့တွင် ထိုရုပ်ရှင် ဇာတ်ကား ၅ကားကို တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ပရိသတ်များ အနေဖြင့် အခမဲ့ ကြည့်ရှုခွင့်ရမည် ဖြစ် ပြီး ကျန်ရက်များတွင် ရုပ်ရှင်လက်မှတ် ဝင်ကြေးဖြင့် ကြည့်ရှုနိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly