သူလျှိုမှုနဲ့ ဖမ်းခံရတဲ့ မြန်မာသတင်းထောက် ၂ ယောက် အာမခံငြင်းဆန်ခံရဟု GEO မဂ္ဂဇင်းထုတ်ပြန်

သူလျှိုမှုနဲ့ ဖမ်းခံရတဲ့ မြန်မာသတင်းထောက် ၂ ယောက် အာမခံငြင်းဆန်ခံရဟု GEO မဂ္ဂဇင်းထုတ်ပြန်
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
 

စက်တင်ဘာ ၁၅ ။            ။ မြန်မာသတင်းထောက် ၂ ဦးဖြစ်တဲ့ မင်းဇေယျာနှင့် ခွန်လတ်တို့ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက စက်တင်ဘာလ ၇ ရက်ကတည်းက ဖမ်းဆီးထားခဲ့တယ်လို့ GEO Magazine က ထုတ်ပြန်လိုက်ပြီး အာမခံလည်း မရဘူးလို့ သိရပါတယ်။

ဗြိတိန်ဓာတ်ပုံအေဂျင်စီ Panos Picturesရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်တဲ့ မင်းဇေယျာဦးဟာ မြန်မာနိုင်ငံဖက်မှ ထွက်ပြေးတိမ်းရှောင်ပြီး ဝင်ရောက်နေကြတဲ့ ဘင်္ဂါလီမြောက်မြားစွာ ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နယ်စပ် ကော့ဘဇာမြို့မှာ ဂျာမန်မဂဇင်း GEO အတွက် သတင်း လာရောက် ရယူနေတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။  

မင်းဇေယျာဦးနဲ့ ခွန်လတ်တို့ကို သူတို့ရဲ့ ကျွမ်းကျင်မှုနဲ့ ဂျာနယ်လစ်ကျင့်ဝတ်သိက္ခာတို့အပေါ် ယုံကြည်စိတ်ချရလို့ တာဝန်ပေးစေလွှတ်ထားတာ ဖြစ်ပါတယ်လို့  GEO Magazine က ပြောပါတယ်။

နိုင်ငံတကာ သတင်းမီဒီယာ လောကမှာ လူသိများတဲ့ မင်းဇေယျာဦးဟာ ဆုရဓာတ်ပုံသတင်းထောက် တစ်ဦးလည်း ဖြစ်ပြီး သူ့ရဲ့ သတင်းဓာတ်ပုံတွေကို အများအပြား သုံးစွဲ ဖော်ပြခံနေရတာ ဖြစ်ပါတယ်။ နယူးယောက်တိုင်းမ်စ်၊ ဂါဒီးယန်းနှင့် နေရှင်နယ်ဂျော်ဂရစ်ဖစ် အပါအဝင် သတင်းစာနှင့် မဂ္ဂဇင်းများမှာ နာမည်ရ ဆုရဓာတ်ပုံသတင်းထောက်တစ်ယောက်ပဲ ဖြစ်ပါတယ်။

Geo မဂ္ဂဇင်း အယ်ဒီတာအဖွဲ့၊ ဝန်ထမ်းတွေနဲ့ Panos Pictures က ဓာတ်ပုံဆရာတွေအနေနဲ့ မင်းဇေယျာဦးနဲ့ ခွန်လတ်တို့ ခုလို ဖမ်းဆီးခံထားရပြီး အာမခံလည်း မပေးဘဲ ငြင်းဆန်ထားတာ အတွက် အလွန်စိုးရိမ်ပူပန်မှု ရှိနေရပါတယ်လို့ ဒီကနေ့ စက်တင်ဘာလ ၁၅ ရက် ညနေပိုင်းက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အသေးစိတ် သိလိုပါက Lars Lindemann, [email protected] ၊ Adrian Evans [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ref-presseportal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required