ကလေးတွေကို လက်ဆောင် အလွန်အကျွန်မပေးသင့်သော အကြောင်းအရင်းများ

ကလေးတွေကို လက်ဆောင် အလွန်အကျွန်မပေးသင့်သော အကြောင်းအရင်းများ

ရေးသားသူ Phyo Wai Yan
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

ခရီးထွက်တာ၊ အစားအသောက်တွေကျွေးတာနဲ့ လက်ဆောင်တွေလိုမျိုး အရာတွေကို ကလေးတွေအတွက် မိဘတိုင်း အကောင်းဆုံး လုပ်ပေးချင်ကြမှာပဲ။ တချို့မိဘတွေက ကလေးလိုချင်တာပေါ်မှာ ငွေတွေပုံအောပြီး သုံးဖို့ဝန်မလေးကြပါဘူး။

ဒါပေမဲ့လည်း ဖြစ်လာမယ့် အကျိုးဆက်တွေကို မစဉ်းစားကြပါဘူး။ ငွေကအဓိကမဟုတ်ပါဘူး။ ရတဲ့ လက်ဆောင်ကို ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာကို သင်ကြားပြသပေးခြင်းကသာ အဓိကပါ။
ဘာကြောင့် ကလေးတွေကို လက်ဆောင်အများကြီး မပေးသင့်တာလဲ။

အောက်ပါအကြောင်းအရာများကတော့ ကလေးတွေကို လက်ဆောင်တွေ အများကြီးမပေးခင် ထည့်သွင်းစဉ်းစားရမယ့် အရာတွေပဲ ဖြစ်ပါတယ်။

အသက်ကြီးသွားတဲ့ အခါမှာ ဖျက်ဆီးတတ်တဲ့ အပြုအမူတွေ တတ်လာပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ လိုချင်တာရခဲ့တဲ့ ကလေးတွေဟာ ကြီးလာတဲ့ အခါမှာ စိတ်ပိုင်းဆိုင်ရာ မကောင်းတဲ့ အကျိုးဆက်တွေနဲ့ ဆိုးဝါးတဲ့ အပြုအမူတွေ ရှိလာတာကို တွေ့ရပါတယ်။ မပိုင်ဆိုင်တဲ့ အရာကို ပိုင်ဆိုင်ချင်စိတ်လောဘတွေ များလာပြီး လောင်းကစားလုပ်ခြင်း၊ အကြွေးတင်ခြင်းနှင့် ဈေးဝယ်ထွက်ခြင်းကို အလွန်အကျွန်စွဲလမ်းခြင်းများထိပါ ရှိလာတတ်ကြပါတယ်။ လက်ဆောင်တွေက ပျော်ရွှင်ခြင်းများကို ယူဆောင်လာနိုင်တယ်ဆိုတာ မှန်သော်လည်း ထိန်းထိန်းသိမ်းသိမ်းမရှိရင်တော့ ဘောဘဇောတွေ တိုက်လာပါလိမ့်မယ်။

မိမိကိုယ်ကို တန်ဖိုးထားစိတ်နည်းပါးသွားပါမယ်။

မိမိကိုယ်ကို တန်ဖိုးထားစိတ်ဆိုတာ ကလေးဘဝတည်းက ဖြစ်တည်လာတာဖြစ်ပြီး အသက်ကြီးလာတာနဲ့အမျှ ကြီးထွားလာပါတယ်။ ထိုက်သင့်တာထက် လက်ဆောင်များ ပေးတာက သူတို့လေးတွေကို တောင်းဆိုလိုက်တာနဲ့ ဘာမဆို ရလာနိုင်တယ်လို့ ထင်သွားစေပါတယ်။ သူတို့လိုချင်တာကို ရရှိဖို့ မိဘရဲ့ အခြေအနေ၊ ခံစားချက်တွေကို လျစ်လျူရှု လာကြပါလိမ့်မယ်။ ဝထ္တုပစ္စည်းလိုချင်တပ်မက်စိတ်ပြင်းတဲ့ ကလေးတွေဟာ ယင်းစိတ်ကို ထိန်းချုပ်နိုင်တဲ့ ကလေးတွေထက် မိမိကိုယ်ကို တန်ဖိုးထားစိတ် နည်းတယ်လိုထင်ရပါတယ်။ မပိုင်ဆိုင်သင့်တဲ့ လက်ဆောင်တွေကို မလိုချင်အောင် သင်ကြားပေးခြင်းက နောင်အနာဂတ်မှာ အပြုအမူဆိုးများ ဖြစ်လာနိုင်ခြေကို လျော့ချပေးမှာပါ။

စာနာစိတ် နည်းလာစေပါတယ်။

သူတို့ရတဲ့ လက်ဆောင်ကိုသာ တန်ဖိုးထားတဲ့ ကလေးတွေဟာ တစ်ကိုယ်ကောင်းဆန်စိတ်တို့ဖြင့် စာနာစိတ် ကင်းမဲ့စွာ ကြီးပြင်းလာနိုင်ခြေရှိပါတယ်။ အကြောင်းပြချက်မရှိဘဲ လက်ဆောင်တွေ ဆက်တိုက် ရနေတဲ့ ကလေးဟာ သူ့ကိုသူ ဘုရင်ကြီးတစ်ယောက်လို ခံစားရလာပါလိမ့်မယ်။ သူတို့လောက် အဆင်မပြေတဲ့ သူတွေကိုလည်း စာနာစိတ်တွေနည်းလာစေပါတယ်။ သင့်ကလေးကို သဘောထားကြီးအောင် ပျိုးထောင်ပေးတာက စာနာစိတ်ပြည့်ဝပြီး ပျော်ရွှင်တဲ့ လူတစ်ယောက်ဖြစ်လာဖို့ နည်းလမ်းတစ်ခုပါပဲ။

ဘာတွေ လုပ်ဆောင်သင့်သလဲ။

သင့်ကလေးကို လက်ဆောင်ပေးချင်တယ်၊ အဲဒီလက်ဆောင်ရဲ့ တန်ဖိုးကိုလည်း နားလည်စေချင်တယ်ဆိုရင် အောက်ပါ ကျွမ်းကျင်သူများ၏ အကြံဉာဏ်တို့ကို လိုက်နာနိုင်ပါတယ်။

  • ကောင်းတဲ့ အလုပ်တွေ ပြီးမြောက်သွားတဲ့ အခါ လက်ဆောင်ပေးဖြင့် ဆုချနိုင်ပါတယ်။ ဥပမာအားဖြင့် အားကစားအသင်း ဝင်ရောက်လိုက်ခြင်း၊ အမှတ်ကောင်းကောင်း ရခြင်းနှင့် အပြုမူကောင်းတွေ ပြုမူခြင်းတို့ကဲ့သို့ပဲ ဖြစ်ပါတယ်။
  • သင့် မေတ္တာကို ပြသဖို့လည်း လက်ဆောင်တွေ ပေးနိုင်ပါသေးတယ်။
  • အပြုအမူဆိုးတွေကို အပြစ်ပေးဖို့ နည်းလမ်းကောင်းတစ်ခုကတော့ သူတို့ အရုပ်တွေ၊ ဗီဒီယိုဂိမ်းတွေလို အကြိုက်ဆုံး ပစ္စည်းတွေကို ပြန်လည် သိမ်းဆည်းလိုက်ခြင်း ပဲဖြစ်ပါတယ်။

အချုပ်ဆိုရသော် ထွေထွေထူးထူးမရှိဘဲနဲ့ လက်ဆောင်တွေ ခဏခဏပေးတာက ကလေးတွေကို ပျက်စီးစေနိုင်ပါတယ်။ ကျေးဇူးတရားသိတတ်ဖို့ ငယ်စဉ်ကတည်းက အကြီးတွေရဲ့ အပြုအမူတွေကနေတစ်ဆင့် လေ့လာသင်ယူဖို့ လိုပါတယ်။

မိဘတွေက ကလေးကို လက်ဆောင်ပေးဖို့ သင့်တော်တဲ့ အခြေအနေတွေကို သေချာရွေးချယ်သင့်ပါတယ်။  သို့မှာသာ ရရှိတဲ့ လက်ဆောင်ကို တန်ဖိုးထားရကောင်းမှန်း သိမှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required