သူလျှိုမှုဖြင့် မြန်မာဓာတ်ပုံသတင်းထောက်နှစ်ဦးအား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီးထား

သူလျှိုမှုဖြင့် မြန်မာဓာတ်ပုံသတင်းထောက်နှစ်ဦးအား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီးထား
photo - မင်းဇေယျာဦး ဖေ့ဘုတ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဂျာမနီ မဂ္ဂဇင်းတစ်စောင်အတွက် ဘင်္ဂါလီဒုက္ခသည်များ သတင်းရယူသည့် မြန်မာဓာတ်ပုံသတင်းထောက်နှစ်ဦးကို သူလျှိုမှု သံသယဖြင့် ဖမ်းဆီးထားကြောင်း တာဝန်ရှိသူများက စက်တင်ဘာ ၁၅ ရက်တွင် ပြောသည်။

သြဂုတ် ၂၅ ရက်နေ့တွင် စတင် ဖြစ်ပွားသော ရခိုင်ဒေသရှိ အကြမ်းဖက်မှုများမှ ထွက်ပြေးလာသူများက ဒုက္ခသည်အဖြစ် ဝင်ရောက်ရန် ကြိုးစားရာနေရာဖြစ်သည့် နယ်စပ်ကော့ဘဇားမြို့တွင်  မင်းဇေယျာဦးနှင့် ခွန်လတ်တို့နှစ်ဦးကို ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ဂျာနယ်လစ်ဗီဇာအစား တိုးရစ်ဗီဇာဖြင့် နိုင်ငံတွင်း ဝင်ရောက်လာသည်ဟု ရဲက စွဲဆိုထားပြီး ၎င်းတို့အား အတုပြုလုပ်မှုနှင့် သတင်းတုများ ပေးပို့မှုဖြင့် စစ်ဆေးခံနေရသည် ၎င်းတို့၏ ရှေ့နေက ပြောသည်။

၎င်းတို့နှစ်ဦးကို သူလျှိုမှုဖြင့်လည်း စစ်ဆေးနေကြောင်း ကော့ဘဇားရဲဌာနအကြီးအကဲ ရန်ဂျစ်ဘာရူးက အေအက်ဖ်ပီသို့ ပြောသည်။

“သူတို့တွေက မြန်မာနိုင်ငံအတွက် သတင်းတွေ ရယူနေတာဖြစ်တယ်။”ဟု ၎င်းက ဆိုသည်။

၎င်းတို့နှစ်ဦးအတူ ဘင်္ဂလားဒေ့ရှ်မှ ဆုရဓာတ်ပုံသတင်းထောက်တစ်ဦးကိုပါ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း ၎င်းဘင်္ဂလားဒေ့ရှ်သတင်းထောက်ကို ပြန်လွတ်ပေးခဲ့ခြင်းဖြစ်သည်။

ဘင်္ဂါလီများ အစုလိုက် ဝင်ရောက်လာခြင်း သတင်းများအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နိုင်ငံခြားဂျာနယ်လစ်များစွာ ရောက်ရှိနေသည်။

မွတ်စလင် အများစု ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား တင်းမာမှု ဖြစ်စေသည့် ဘင်္ဂလီဒုက္ခသည်များ ပြဿနာကို ဂျာမနီနိုင်ငံ ဟမ်းဘတ်ချ်အခြေစိုက် Geo မဂ္ဂဇင်းအတွက် သတင်းလိုက်ရန် မင်းဇေယျာဦးနှင့် ခွန်လတ်တို့နှစ်ဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း စက်တင်ဘာအစောပိုင်းတွင် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့အား ဖမ်းဆီးထားမှုကို စက်တင်ဘာ ၁၃ ရက်က ကြေညာခဲ့ပြီး အာမခံလျှောက်ထားချက်ကိုလည်း တရားရုံးတစ်ရုံးက ပယ်ချထားကြောင်း ဘင်္ဂလားဒေ့ရှ်ရှေ့နေ Jyotirmoy Barua က အေအက်ဖ်ပီသို့ ပြောသည်။

မင်းဇေယျာဦးသည် နယူးယောက်တိုင်းမ်စ်၊ ဂါဒီးယန်းနှင့် နေရှင်နယ်ဂျော်ဂရစ်ဖစ် အပါအဝင် သတင်းစာနှင့် မဂ္ဂဇင်းများတွင် နာမည်ရ ဆုရဓာတ်ပုံသတင်းထောက်တစ်ဦးဖြစ်ကြောင်း ၎င်းရှေ့နေက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly