မန္တလေးတိုင်းအတွင်း မြန်မာ့ဒီမိုကရေစီရုပ်ရှင်ဇာတ်ကားများ ရ ရက်ကြာ ပြသသွားမည်

မန္တလေးတိုင်းအတွင်း မြန်မာ့ဒီမိုကရေစီရုပ်ရှင်ဇာတ်ကားများ ရ ရက်ကြာ ပြသသွားမည်

မန္တလေးတိုင်းဒေသကြီးအတွင်း မြန်မာ့ဒီမိုကရေစီရုပ်ရှင်ဇာတ်ကားများ ၇ ရက်ကြာ ပြသသွားမည်ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်မှစတင်ကာ ပြသနေပြီး စက်တင်ဘာလ ၂၁ ရက်နေ့အထိ ပြသသွားမည် ဖြစ်သည်။

ပညာရေးအတွက် ပညာပေးဇာတ်ကားများဖြစ်သည့် "နေခြည်မှာ ရွှေရည်လောင်း" ရုပ်ရှင်ဇာတ်ကားကြီးနှင့် "သရာစောထိ" ရုပ်ရှင်ဇာတ်ကားကြီး၊ ဗုဒ္ဓဘာသာသာသနာထွန်းတောက်ခဲ့ရသည့်သမိုင်းကို အခြေပြုထားသည့် "The Great Myanmar (ကြီးမြတ်သော မြန်မာ)" ရုပ်ရှင်ဇာတ်ကားကြီး၊ ငြိမ်းချမ်းရေးနှင့် နားလည်မှု၊ ယုံကြည်မှုသည် ဒီမိုကရေစီအတွက်အဓိကဖြစ်ကြောင်း ပုံဖော်ရိုက်ကူးထားသည့် "တိမ်ပြာသောနေ့" ရုပ်ရှင်ဇာတ်ကားကြီး၊ ဘဝသရုပ်ဖော် ပညာပေးသရော်ဟာသဇာတ်လမ်း ဖြစ်သည့် "ဒီမိုရပ်ကွက်" ရုပ်ရှင်ဇာတ်ကားကြီး စသည့်ရုပ်ရှင်ဇာတ်ကားကြီး ငါးကားကို ပုံမှန်ပြသမြဲအချိန်ဇယားများအလိုက် အလှည့်ကျပြသပေးသွားမည်ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၅)ခရိုင်မှ ရုပ်ရှင်ရုံ(၈)ရုံတွင် ပြသမည်ဖြစ်ပြီး မန္တလေးခရိုင်တွင် ရုပ်ရှင်ရုံ(၃)ရုံ၊ ပြင်ဦးလွင်ခရိုင်တွင် ရုပ်ရှင်ရုံ(၂)ရုံ၊ မီတ္တီလာခရိုင်တွင် ရုပ်ရှငိရုံ(၁)ရုံ၊ မြင်းခြံခရိုင်တွင် ရုပ်ရှင်ရုံ (၁)ရုံ၊ ကျောက်ပန်းတောင်းခရိုင်တွင် ရုပ်ရှင်ရုံ(၁)ရုံ စုစုပေါင်း ရုပ်ရှင်ရုံ(၈)ရုံတွင် ပြသသွားမည်ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော် ဖွင့်ပွဲကို ယနေ့ စက်တင်ဘာ ၁၅ ရက်က မန္တလေးမြို့၊ ဝင်းလိုက်ရုပ်ရှင်ရုံတွင် ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာ ညွန်ကြားရေးမှူးများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့သည်။

'' မြန်မာ့ဒီမိုကရေစီပွဲတော်များအဖြစ် ဒီမိုကရေစီရုပ်ရှင်ပွဲတော်၊ ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲ နဲ့ ဒီမိုကရေစီ ပဒေသာကပွဲ စတဲ့ ရုပ်ရှင်၊ သဘင်၊ ဂီတဆိုပြီး အစီအစဉ် သုံးမျိုးနဲ့ စည်းကားသိုက်မြိုက်စွာ ကျင်းပမှာ ဖြစ်ပါတယ်၊ မန္တလေးတိုင်းဒေသကြီးမှာ ပဒေသာကပွဲနဲ့ ရုပ်ရှင်သဘင်ဂီတကို ကျင်းပခြင်းမပြုဘဲ ရုပ်ရှင်ပွဲတော်နဲ့ အငြိမ့်ပြိုင်ပွဲကိုသာ ကျင်းပမှာဖြစ်ပါတယ်၊ နိုင်ငံနဲ့လူမျိုး ဂုဏ်သိက္ခာမြင့်မားစေရေး အတွက်လည်းကောင်း၊ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာတွင် နိုင်ငံတကာသို့ ခံယူလုပ်ဆောင်ရတဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့ စိတ်ထားများတိုးပွားရှင်သန်စေရေး အထောက်အပံ့ဖြစ်စေရန်အတွက်လည်းကောင်း ရည်ရွယ်ပြီးကျင်းပတာဖြစ်ပါတယ် '' ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

နိုင်ငံနှင့်လူမျိုး၏ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာမြင့်မားစေရေးအတွက်လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းရာတွင် ဒီမိုကရေစီနှင့်ပတ်သက်သည့် အများပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ ရှိသင့်ရှိထိုက်သည့် ဒီမိုကရေစီစိတ်ဓာတ်နှင့် သဘာထားအမြင်များ တိုးပွားရင့်သန် လာစေရေး အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍ မြန်မာ့ဒီမိုကရေစီပွဲတော်ကို ကျင်းပရခြင်းဖြစ်သည်။

'' မြန်မာဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ်မှာ ပြည်သူလူထုကို သိသင့်သိထိုက်တာတွေ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ထားရှိရမည် စိတ်နေသဘောထားတွေ ပြည်သူတွေရင်ထဲမှ ခံစားသိရှိနိုင်အောင် အနုပညာကနေ အလွယ်တကူ သိရှိနားလည်အောင် ရုပ်ရှင်ကား ပြသတာဖြစ်ပါတယ်၊ ၅ ကားပြသမှာဖြစ်ပါတယ်၊ မန္တလေးမြို့မှာ ဝင်းလိုက် ရုပ်ရှင်ရုံ၊ မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံ၊ JCGV ရုပ်ရှင်ရုံမှာ  ပြသသွားမှာပါ၊ ပထမဦးဆုံးနေ့ ပထမဦးဆုံးပွဲစဉ်တွေကို အခမဲ့ပြသသွားမှာပါ၊ ကျန်နေ့ ပြစဉ်တွေကို ပုံမှန် ရုံဈေးအတိုင်း ရောင်းချပေးသွားမှာဖြစ်ပါတယ် '' ဟု မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေး နှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ဝေဝေထွန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly