ရုပ်ရှင်လောကအဖြစ်အပျက်များကို ရိုက်ကူးထားသည့် “ပရိုဂျူဆာမကြီးစိုး ”

ရုပ်ရှင်လောကအဖြစ်အပျက်များကို ရိုက်ကူးထားသည့် “ပရိုဂျူဆာမကြီးစိုး ”

ရန်ကုန် ၊ စက်တင်ဘာ ၁၄ ။           ။ ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူး ပုံဖော်ထားသည့် ရုပ်ရှင်လောကတွင် ဖြစ်ပျက်နေသည့် အရာများကို သဘာဝကျကျ ရယ်ရအောင် ရိုက်ကူးထားသည့် ပရိုဂျူဆာ မကြီးစိုး ရုပ်ရှင်ဇာတ်ကားကြီးကို အောက်တိုဘာ လတွင် မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများ၌ ပြသသွားမည် ဖြစ်သည်။

ပါဝါကင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးကာ သရုပ်ဆောင် များ အဖြစ်  စိုးမြတ်သူဇာ ၊ ခန့်စည်သူ ၊ နေဒွေး ၊ သင်ဇာဝင့်ကျော် ၊ တက္ကသိုလ်ဂွမ်းပုံ ၊ ဒိန်းဒေါင် ၊ ဆင်မ၊ ကျော်ထူး ၊ 5 Star အဖွဲ့ ၊ ဟားသသိုက်အဖွဲ့ နှင့် အနုပညာရှင်များစွာ ပါဝင်ထားကြသည်။

ထိုရုပ်ရှင်ဇာတ်ကားသည် ရုပ်ရှင်လောကတွင် ဖြစ်ပျက်နေသည့် အရာတွေကို ထည့်သွင်းရိုက်ကူးထားပြီး ပရိုဂျူဆာမကြီးစိုးအဖြစ် သရုပ်ဆောင် စိုးမြတ်သူဇာ ၊ ရိုက်ကွင်းမန်နေဂျာ ကိုမောင်မောင်ထည့် အဖြစ် သရုပ်ဆောင် ခန့်စည်သူ ၊ နာမည်ကြီး မင်းသားအဖြစ် နေဒွေး ၊ နာမည်ကြီး မင်းသမီး အဖြစ် သင်ဇာဝင့်ကျော် ၊ နာမည်ကြီး ဒါရိုက်တာ နှစ်ယောက်အဖြစ် ဒိန်းဒေါင် နှင့် စိန်သီး တို့မှ သရုပ်ဆောင် ထားကြသည်။

ပရိုဂျူဆာ မကြီးစိုး ရုပ်ရှင်ဇာတ်ကား နှင့် ပတ်သက်ပြီး သရုပ်ဆောင် စိုးမြတ်သူဇာ မှ ၎င်း၏ လူမှုကွန်ယက် ဖေ့ဘုတ် စာမျက်နှာတွင် ယခုလို ရေးသားထားသည်။

ပရိုဂျူဆာ မကြီးစိုး ဟာသရုပ်ရှင်ဇာတ်ကား ကို အောက်တိုဘာ လတွင် မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများ၌ ပြသသွားမည် ဖြစ်ပြီး ဟာသ ရုပ်ရှင်ဇာတ်ကား ကြိုက်နှစ်သက်သည့် ပရိသတ်တွေ အကြိုက်တွေ့စေမည့် ဇာတ်ကား တစ်ကားဖြစ်သည်။ ပရိုဂျူဆာ နီတိုး ဆိုပြီး ဦးကျော်ဟိန်း အောင်မြင်ခဲ့တဲ့ကားကို သဘောကျခဲ့တာ ကြောင့် ပရိုဂျူဆာမကြီးစိုး ဆြိုပီး ရိုက်ရရင်ကောင်းမှာပဲလို့ ဒါရိုက်တာ ပြည်ဟိန်းသီဟ ကို ပြောပြခဲ့တယ် ။ ကျွန်မဆန္ဒ ကို နှစ်သစ်မှာ မင်္ဂလာရှိစွာ ဖြည့်ပေးခဲ့တဲ့ သား ကိုပြည်ဟိန်း နဲ့ ပါဝါကင်း ရုပ်ရှင်ကို အထူးကျေးဇူး တင်ပါတယ်ရှင်။ ပျော်ရွှင် ကြည်နူး ခဲ့ရလို့ပါ ။ ဒီကားမှာ ကျွန်မ ပရိသတ်တွေ အတွက် အမြင်ဆန်းအောင် ဒါရိုက်တာ အာရုဏ်ဦး ကိုဇော် ရဲ့ ချစ်ဇနီး မသီတာ ရဲ့ Style နဲ့ သရုပ်ဆောင် ထားပါတယ် ” ဟု ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly