အင်န်အယ်လ်ဒီ မှ နုတ်ထွက်ခဲ့သည့် ကိုယ်စားလှယ်လောင်း တစ်သီးပုဂ္ဂလ ဝင်ပြိုင်မည်

အင်န်အယ်လ်ဒီ မှ နုတ်ထွက်ခဲ့သည့် ကိုယ်စားလှယ်လောင်း တစ်သီးပုဂ္ဂလ ဝင်ပြိုင်မည်

မန္တလေး၊ သြဂုတ် ၁၃ ။         ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) က မရွေးချယ်သောကြောင့် ပါတီ မှနုတ်ထွက်ခဲ့သူ ဦးရှုမောင်သည် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ၎င်းက ပြောသည်။

ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကိုယ်စားလှယ်လောင်းလျှောက်လွှာကို  သြဂုတ်  ၁၃ ရက် တွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ တင်လိုက်ပြီ ဖြစ်သည်။

၎င်းကို ဒေသခံများက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရန် ဆန္ဒပြုသော် လည်း ပါတီက အမျိုးသားလွှတ်တော်အတွက် ချပေးသည့်အတွက် ပါတီမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

ဦးရှုမောင်က “ အမျိုးသားလွှတ်တော်က ခန္တီးနဲ့ဟုမ္မလင်း နှစ်မြို့နယ်ပေါင်း ဖြစ်နေတယ်။ အဲဒီလိုကျတော့ ဟုမ္မလင်းက မဲ မသေချာဘူး။ ဒါကြောင့် ခန္တီးမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တစ်သီးပုဂ္ဂလ ဝင်ပြိုင်ဖို့ လုပ်တာဖြစ်တယ်” ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့် ပတ်သက်၍ မကျေနပ်သောကြောင့် ဦးရှုမောင်အပါအဝင် ပါတီဝင် ၃၇၅ ဦးတို့သည် သြဂုတ် ၉ ရက်တွင် ပါတီဝင် အဖြစ်မှနှုတ်ထွက် သွားကြသည်ဟု ခန္တီးခရိုင် NLD ဥက္ကဋ္ဌ ဒေါ်ဆယ်ဆယ်နောင် က မဇ္ဈိမကို ပြော ထားသည်။

ခန္တီးဒေသခံတစ်ဦးဖြစ်သူ ဦးအောင်ဆန်းမြင့် က “ကျွန်တော်တို့ အနေနဲ့ကတော့ ဒေသ ကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုး အမှန်တကယ် လုပ်ဆောင်သူကိုပဲ ရွေးချယ်မဲပေးမယ်” ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် တစ်သီးပုဂ္ဂလ ဝင်ပြိုင်ရန် လျှောက်ထားသည့် ကိုယ်စား လောင်းမှာ သြဂုတ်လ ၁၃ ရက်အထိ ၆ ဦးသာရှိသေးပြီး ကိုယ်စားလှယ်လောင်းစာရင်းများကို သြဂုတ်လ ၁၄ ရက် နောက်ဆုံးထား တင်သွင်းလျှောက်ထားရမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly