ဘင်္ဂါလီများကို ရိက္ခာ​ရောင်​းသည်​ဟုဆိုကာ အရှက်​ခွဲခံရသူအမျိုးသမီးက ဂုဏ်​သိက္ခာအတွက်​ တရားစွဲလို

ဘင်္ဂါလီများကို ရိက္ခာ​ရောင်​းသည်​ဟုဆိုကာ အရှက်​ခွဲခံရသူအမျိုးသမီးက ဂုဏ်​သိက္ခာအတွက်​ တရားစွဲလို
ဓာတ်ပုံ-မြေပုံမြို့၊ ရွာသစ်ကေရပ်ကွက်နေ မစိုးချေ၏ နေအိမ်

မြေပုံ၊ စက်တင်ဘာ ၁၄ ရက်။        ။ ရခိုင်မြောက်ပိုင်း မြေပုံမြို့နယ်တွင် ဘင်္ဂါလီများအား ရိက္ခာရောင်းသည်ဟု စွပ်စွဲချက်ဖြင့် လူပုံအလယ်တွင် ရိုက်နှက်လျက် အရှက်ခွဲခံခဲ့ရသော အမျိုးသမီးက ပါဝင်သူများအား တရားဥပဒေအရ ရင်ဆိုင်ရန် ဆန္ဒရှိနေသည်။

" ကျွန်မ အရမ်းရှက်မိပါတယ်။ အဲဒီနေ့က ကျွန်မ ဆံပင်တွေကို သူတို့ အရူးတစ်ယောက်လို ဖြတ်ညှပ်ကြတယ်။ ကန်ကျောက်ကြတယ်။ အမျိုးသားသစ္စာဖောက် ပိုစတာကို လည်ပင်းမှာ ဆွဲပြီး မြို့ကို ပတ်ခိုင်းတယ်။ အရှက်တစ်ခုမှ မကျန်တော့ပါ။ ဒီကိစ္စ အတွက် တရားစွဲဖို့ စီစဉ်နေပါတယ်။ " ဟု ဘင်္ဂလီများကို ရိက္ခာရောင်းသူဟု စွပ်စွဲခံရသူ မြေပုံမြို့နယ် ရွာသစ်ကေ ကျေးရွာနေ မစိုးချေက မဇ္ဈိမ သို့ ပြောသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့က မြေပုံမြို့နယ် သင်္ဘောဆိပ်အနီးတွင် ကွမ်းရွက် တစ်ပိဿာခွဲနှင့် ငါးအနည်းငယ်တို့ကို သယ်ဆောင်ထားသည့် ၎င်းအမျိုးသမီးကို ဘင်္ဂလီများအား ရိက္ခာပို့ရန် စီစဉ်နေသည်ဟု စွပ်စွဲချက်ဖြင့် လူအုပ်က ဖမ်းဆီးပြီး အပြစ်ပေးခဲ့ကြခြင်း ဖြစ်သည်။ 

ထိုနေ့က ပါဝင်ခဲ့သည့် လူအုပ်များထဲမှ ၅ ဦးကို မဇ္ဈိမ သတင်းထောက်က ကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့ပြီး မေးမြန်းရာတွင် "အမျိုးသားရေးကိစ္စမို့ ပါဝင်ခြင်း ဖြစ်၍ အခြားကိစ္စများကို မသိ" ဟု ဆိုကြသလို " အပြစ်ပေးသင့်သည်" ဟုလည်း ပြောကြသည်။ သူတို့၏ အမည်များကိုမူ သတင်းတွင် ဖော်ပြခြင်း မပြုရန် ပြောသည်။

မြေပုံမြို့နယ်ရဲစခန်းကမူ အဆိုပါအမျိုးသမီးအနေနှင့် ယခုအချိန်ထိ တရားဝင်လာရောက် တိုင်ကြားခြင်းများ မရှိသေးဟု ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly