တောင်တွင်းကြီးဖြစ်စဉ်ပါ၀င်သူများအား ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၃ နှစ်အထိ ချမှတ်နိုင်

တောင်တွင်းကြီးဖြစ်စဉ်ပါ၀င်သူများအား ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၃ နှစ်အထိ ချမှတ်နိုင်
ဓာတ်ပုံ-ကိုသားကြီး(တောင်တွင်းကြီး)

 

ရန်ကုန် ၊ စက်တင်ဘာ ၁၄ ။                  ။ တောင်တွင်းကြီးမြို့ ဆူပူမှု ဖြစ်စဉ်တွင် ပါဝင်သူ ခုနစ်ဦးအထိ ဖမ်းဆီးရမိထားပြီး ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၃ နှစ် အထိ ချမှတ်နိုင်သည်ဟု  တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့ညတွင် တောင်တွင်းကြီးမြို့၌ ဘာသာရေးလူမျိုးရေးဆန်ဆန် လူစုလူဝေးတစ်ခု ဖြစ်ပွားခဲ့ပြီး မျက်နှာတွင် နှာခေါင်းစည်းပါ လူငယ် ၅၀ ခန့် က တောင်တွင်းကြီး မြို့ပေါ်ရှိ အစ္စလာမ်ဘာသာဝင်များ၏ အိမ်များ ဆိုင်ခန်းများကို  ခဲများဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်ပွားခဲ့သည်။

စက်တင်ဘာ ၁၀ ရက်နေ့ညတွင် တောင်တွင်းကြီးဒေသခံတစ်ဦးကို ဖမ်းဆီးရပြီးနောက် စက်တင်ဘာ ၁၁ ရက်နေ့တွင် လေးဦး၊ စက်တင်ဘာ ၁၂ ရက်နေ့တွင် ၂ ဦး စုစုပေါင်း ခုနစ်ဦး ဖမ်းဆီးရမိထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းမိထားသည့် ခုနစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ ( ၄၄၀ ၊ ၁၄၄ ၊ ၁၄၇၊ ၁၅၂ ၊ ၁၅၃) တို့ အမှုဖွင့်ထားခြင်းဖြစ်ပြီး ယင်းပုဒ်မများ၏ အမြင့်ဆုံးပြစ်ဒဏ်ကို သီးခြားစီ ကျခံစေရန် အမိန့်ချမှတ်ပါက တစ်ဦးလျှင် ထောင်ဒဏ် ၁၃ နှစ် အထိ ချမှတ်နိုင်မည်ဖြစ်သည်။

"သေစေမှု (သို့)နာကျင်စေမှုအတွက် ပြင်ဆင်ပြီးသည့်နောက် ကျူးလွန်သော အကျိုးဖျက်ဆီးမှု ၊ ဥပဒေနဲ့ ဆန့်ကျင်တဲ့ အစုအဝေးတွင် သေစေတဲ့လက်နက်ကိုင်ဆောင်မှု၊ ရုန်းရင်းဆန်ခတ်မှု၊ အဲ့ဒါကိုနှိမ်နင်းတဲ့ ဝန်ထမ်းကို ဟန့်တားတာ ၊ လက်ရောက်မှုပြန်ကျူးလွန်တာ အဲ့ဒီအမှုတွေနဲ့ စွဲဆိုတာ ဖြစ်တယ်" ဟု တရားလွှတ်တော်ရှေ့နေဦးရောဘတ်စန်းအောင်က စွဲဆိုထားသည့် အမှုများနှင့်ပတ်သက်ပြီး ရှင်းပြသည်။

အဆိုပါ ဆူပူမှုဖြစ်စဉ်တွင် ပါဝင်သူများကို ဆက်လက်ဖမ်းဆီး အရေးယူမည်ဟု တောင်တွင်းကြီးမြို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်က မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"ဖမ်းမိထားတဲ့ ခုနစ်ဦးကိုစစ်ဆေးပြီးတော့ ရရှိထားတဲ့ ထွက်ဆိုချက်တွေအရ စပ်ဆက်ပြီးတော့ လိုက်ဖမ်းဖို့ ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောထားတာ ရှိတယ်" ဟု ဦးဝင်းမြင့်လှိုင်က ဆိုသည်။

ဆူပူမှုဖြစ်စဉ်၌ ပထမဆုံး ဖမ်းဆီးရမိထားသည့် လူငယ်တစ်ဦးကို စစ်ဆေးမေးမြန်းရာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ARSA အကြမ်းဖက်သမားများကို မကျေနပ်၍ လုပ်ဆောင်ခြင်းဖြစ်သည်ဟု အစိုးရဘက်မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်များကြောင့် မိုဘိုင်းဖုန်းနှင့်အပိုပစ္စည်း အရောင်းဆိုင် ၊ လက်ဘက်ရည်ဆိုင်တစ်ဆိုင် ၊ကုန်စုံဆိုင် တစ်ဆိုင် ၊ ထမင်းဆိုင်တစ်ဆိုင် နှင့် နေအိမ်အချို့ပျက်စီးမှုများ ဖြစ်ခဲ့သည်ဟု အစိုးရဘက်က ထုတ်ပြန်ထား ချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly