ညောင်ဦးမြို့နယ်အတွင်း နှစ်စဉ်ကမ်းပြိုလေ့ရှိသည့် ရွာကိုပြောင်းရွေ့ပေးရန် စီစဉ်

ညောင်ဦးမြို့နယ်အတွင်း နှစ်စဉ်ကမ်းပြိုလေ့ရှိသည့် ရွာကိုပြောင်းရွေ့ပေးရန် စီစဉ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ နယ်၊ အောက်ညဉ့် ကျေးရွာအုပ်စုမှ သူကောင်းတည်ကျွန်း ရွာသည် နှစ်စဉ် ရေလွှမ်းကမ်းပြိုဖြစ်ပေါ်နေမှုကြောင့် မြင်းခြံကားလမ်းနှင့် ရထားလမ်းအနီး ရေလွတ် ရာတွင် မြေနေရာဝယ်ယူ၍ ရွာလုံးကျွတ် ပြောင်းရွှေ့ ပေးရန် မြေစာရင်းဦးစီးဌာနက  သြဂုတ်  ၁၃ ရက်မှ စတင်၍ အကွက်များရိုက်နေသည်ဟု  ရေအရင်းမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန(ညောင်ဦး)မှ လက်ထောက်အင်ဂျင်နီယာ ဦးညီညီ က မဇ္ဈိမ ကိုပြောသည်။

ယင်းကဲ့သို့ ပြောင်းရွှေ့ နိုင်ရေးအတွက် မြေနေရာရရှိရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တစ်ဧက လျင်ကျပ် သိန်း ၅၀ဖြင့် မြေ ၁၅ ဧကကို ကျပ်သိန်းပေါင်း ၇၅၀ ဖြင့် စိုက်ထုတ် ဝယ်ယူပေးခဲ့ခြင်းဖြစ် သည်ဟုလည်း ဦးညီညီ က ဆိုသည်။

၎င်းက  “ ခဏခဏရွှေ့နေရလို့ ရွာခံတွေက  ရေလွတ်ရာကို ပြောင်းချင်နေကြတယ်။  ကျွန်တော် တို့က အဲဒီရွာမှာ ကမ်းပြိုကာကွယ်ရေးတွေ လုပ်ပေးထားတယ်။ အဲဒီရွာကရေတက် လာတိုင်းပြောင်းရွှေ့နေရတယ်။ဒါကြောင့်တိုင်းဒေသကြီး အစိုးရက မြေနေရာ ရရှိဖို့ စီစဉ်ဆောင်ရွက် ပေးတာပါ။”ဟု ပြောသည်။

တိုင်းဒေသကြီးအစိုးရက မြေနေရာများကို ပေ ၆၀×၇၀ မြေကွက်များ အကွက်ရိုက်ချ ထားပေး ခြင်းဖြစ်ပြီး ရွာသားများက နေအိမ်များကို မိမိတို့စားရိတ်ဖြင့် တည်ဆောက်ရမည်ဖြစ်ကာ မြေကွက် များအတွက် ငွေကြေးကုန်ကျမှုမရှိဘဲ တိုင်းဒေသကြီးအစိုးရမှ စိုက်ထုတ်ပေးခြင်းဖြစ်သည်ဟုလည်း ၎င်းကဆက်လက်ပြောသည်။
 
 ရွာပြောင်းသွားသော်လည်း စိုက်ပျိုးရေး အတွက် မူလစိုက်ပျိုးသည့် မြေများတွင်ပင် ဆက်လက် လုပ်ကိုင်ရမည်ဟုလည်း သူကောင်းတည်ကျွန်းရွာသားတစ်ဦးဖြစ်သူ ဦးခင်မောင်ဝင်းက ဆိုသည်။
 
၎င်းက “ကျွန်း/ကိုင်း သီးနှံနဲ့  ပဲအမျိုးမျိုးစိုက်ကြတာပါ။ ရွာပြောင်းသွားပေမယ့် မူလမြေတွေဆီကို တဲ ဆောက်ပြီး ဆက် လုပ်ရမှာပေါ့။”ဟု  ပြောသည်။
 
အဆိုပါ သူကောင်းတည် ကျေးရွာသားများအနေဖြင့် ရေလွှတ်သည့်ကုန်းတွင်းပိုင်းသို့  ပြောင်းရွှေ့ပေးရန် အတွက် ၂၀၁၄ ခုနှစ်မှစတင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ရပ်မိရပ်ဖများ ကတောင်းဆိုခဲ့ကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကြေးစိုက်ထုတ်၍ ကူညီခဲ့ခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။ ထိုကျေးရွာသည် အိမ်ခြေ၁၀၀ ကျော်ရှိသည်။
 
ကျေးရွာ အနေဖြင့်အကွက်များရိုက်၍ နေအိမ်များတည်ဆောက်ပြီးပါကလည်း ဒေသခံတစ်ချို့မှာ စိုက်ပျိုးလုပ်ကိုင်စားသောက်ရန် မူလနေရာတွင် ပြန်လည်နေထိုင်မည်ဟုလည်း ဒေသခံ ဦးတင့်နိုင် က ဆိုသည်။

၎င်းက " ဒီမှာလူနေ ဟိုမှာသွားလုပ်ပေါ့။ "ဟု ပြောသည်။

အဆိုပါ ရွာမြေအဟောင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရမှ တစ်စုံတစ်ရာညွှန်ကြား ထားခြင်းမရှိဟု ညောင်ဦးမြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly