အိန္ဒိယနိုင်ငံ ယမုံနာမြစ်အတွင်း စက်လှေမှောက်ပြီး လူ ၂၀ ထက်မနည်း သေဆုံး

By AFP
14 September 2017
အိန္ဒိယနိုင်ငံ ယမုံနာမြစ်အတွင်း စက်လှေမှောက်ပြီး လူ ၂၀ ထက်မနည်း သေဆုံး

စက်တင်ဘာ ၁၄ ။              ။အိန္ဒိယနိုင်ငံမြောက်ပိုင်း ယမုံနာမြစ်အတွင်း စက်တင်ဘာ ၁၄ ရက် မနက်အစောပိုင်းက စက်လှေတစ်စီး တိမ်းမှောက်ခဲ့ရာ အနည်းဆုံး လူပေါင်း ၂၀ သေဆုံးခဲ့တယ်ဆိုပြီး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယခုအခါ အဆိုပါ စက်လှေမှောက်မှုကနေ ရုပ်အလောင်း ၂၀ ထိ ဆယ်ယူရရှိထားပြီဖြစ်ကြောင်း ဥတာပရာဒက်ရှ်ပြည်နယ် ဘက်ဂ်ပတ် ဒေသ အကြီးအကဲ ဒါရမ် ပယ်လ် ဆင်းန်က ပြောပါတယ်။

" ကြည့်ရသလောက်တော့ ဒီစက်လှေဟာ သူတင်နိုင်တဲ့ ဝန်ထက် ပိုတင်လာတယ်လို့ ယူဆရပါတယ်" ဆိုပြီး ၎င်းက ပြောပါတယ်။

" ဒီဖြစ်စဉ်က မနက်အစောကြီးက ဖြစ်သွားတာပါ၊ သူတို့ သီးသန့်ငှားလာတဲ့ စက်လှေပါ၊ လူကတော့ စုစုပေါင်း အယောက် ၅၀ ကျော်ဝန်းကျင်တင်လာတယ်လို့ သိရပါတယ်" ဆိုပြီး ၎င်းက ထပ်လောင်းပြောကြားပါတယ်။

စက်လှေတိမ်းမှောက်မှုကြောင့် ယခုအချိန်ထိ လူပေါင်း ဆယ်ဦး ပျောက်ဆုံးနေဆဲလို့လည်း သိရပါတယ်။

ယခု တိမ်းမှောက်သွားတဲ့ စက်လှေမှာလိုက်ပါလာသူတွေကတော့ တောင်သူတွေဖြစ်တယ်လို့ သိရပြီး ၎င်းတို့ရဲ့ တောင်ယာတွေဆီ သွားဖို့ ယခုလို စက်လှေနဲ့ လာခဲ့ကြတာလိ့ုလည်း သိရပါတယ်။

ယခုဖြစ်စဉ်နဲ့ပတ်သက်လို့ တာဝန်ရှိသူတွေက စက်လှေမောင်းသူကို စုံစမ်းစစ်ဆေးနေလျက်ရှိကြောင်းလည်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly