အသေခံဗုံးဖောက်ခွဲသူကြောင့် ကာဘူးလ်ခရစ်ကတ်ကစားကွင်းအနီး၌ လူ ၃ဦးသေဆုံး

By AFP
14 September 2017
အသေခံဗုံးဖောက်ခွဲသူကြောင့် ကာဘူးလ်ခရစ်ကတ်ကစားကွင်းအနီး၌ လူ ၃ဦးသေဆုံး

 

ကာဘူးလ်၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၁၄ ။              ။ အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကာဘူးလ်မြို့မှ ခရစ်ကတ်ကစားကွင်းအနီးတွင် အသေခံဗုံးဖောက်ခွဲသူတစ်ဦး ၏ တိုက်ခိုက်မှုကြောင့် ရဲတစ်ဦးအပါအဝင် လူပေါင်း ၃ဦးခန့် သေဆုံးခဲ့ပြီး ၅ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ က ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။

ဗုံးခွဲသမားသည် ကစားပွဲကျင်းပနေသော ခရစ်ကတ်ကစားကွင်းဆီသို့ ဦးတည်ပြီးလမ်းလျှောက်သွားခဲ့စဉ်တွင် သံသယရှိသောရဲတစ်ဦးက သူ့ကိုစစ်ဆေးရေးဂိတ်အနီး၌ ရပ်တန့်ရန်တားမြစ်ခဲ့ပြီးနောက် သူကအသေခံဗုံး ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုနှင့်ပက်သက်၍ မည်သည့်အဖွဲ့ကမှ ၎င်းတို့လက်ချက်ဟု ထုတ်ဖော်ပြောဆိုခြင်းမရှိသေးကြောင်း သိရသည်။

“လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကိုယ်ကျိုးစွန့်ပြီးတော့ တိုက်ခိုက်ရေးသမား လူအုပ်ကြီးထဲကိုရောက်ရှိပြီး အန္တရာယ် မပေးနိုင်အောင် ကာကွယ်နိုင်ခဲ့ကြပါတယ်” ဟု ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ှရိသူ ဘာဆာမူဂျာဟစ်က ပြောခဲ့သည်။ ဒဏ်ရာရရှိခဲ့သူ ၅ဦးထဲမှ ၂ဦးမှာ ရဲအရာရှိများဖြစ်ကြသည်။

အခင်းဖြစ်ပွားရာနေရာသို့ အရေးပေါ် လူနာတင်ယာဉ်များ အလျင်အမြန်ရောက်ရှိလာခဲ့ကြပြီး ဒဏ်ရာရရှိခဲ့သူ များကို ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း   အေအက်ဖ်ပီသတင်းထောက်တစ်ဦးက   ပြောခဲ့သည်။

ဗုံးပေါက်ကွဲသံကို ကစားကွင်းထဲမှ ပရိသတ်အများအပြား ကြားခဲ့ရပြီး အသေခံဗုံးဖောက်ခွဲသူ၏ အသားစများ လမ်းမပေါ်သို့ လွင့်စင်နေခဲ့သောကြောင့် မီးသတ်သမားများက လမ်းရှင်းပေးနေခဲ့ရသည်။

အာဖဂန်နစ္စတန် ခရစ်ကတ်ဘုတ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဖာရစ်ဟိုတက်ခ်က ဗုံးပေါက်ကွဲမှုကြောင့် ကစားပွဲ အနည်းငယ် အနှောင့်အယှက်ဖြစ်ခဲ့သော်လည်း ကစားသမားများနှင့် လူအားလုံး ဘေးကင်းကြောင်း ပြောခဲ့သည်။

အာဖဂန်နစ္စတန်၌ တာလီဘန်များအုပ်ချုပ်ခဲ့စဉ် ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အထိကာလများက ခရစ်ကတ်ကစားနည်း ကို ပိတ်ပင်တားမြစ်ထားသော်လည်း မကြာသေးခင်နှစ်များအတွင်း ထိုကစားနည်းသည် ပြန်လည်တွင်ကျယ် လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly