ရခိုင်ပြည်နယ် အကြမ်းဖက်မှု အဆုံးသတ်ရေး ချက်ချင်းဆောင်ရွက်ဖို့ ကုလလုံခြံုရေးကောင်စီ တောင်းဆို

ရခိုင်ပြည်နယ် အကြမ်းဖက်မှု အဆုံးသတ်ရေး ချက်ချင်းဆောင်ရွက်ဖို့ ကုလလုံခြံုရေးကောင်စီ တောင်းဆို

စက်တင်ဘာ ၁၄ ။         ။ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးတစ်ခုကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ရာမှာတော့ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုကို အဆုံးသတ်ရေး ချက်ချင်းဆောင်ရွက်သွားဖို့ မြန်မာအစိုးရကို တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

မြန်မာကို ထောက်ခံသူဖြစ်တဲ့ တရုတ်အပါအဝင် အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီရဲ့ ယခုတံခါးပိတ်အစည်းအဝေးမှာတော့ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်နေရကြောင်း၊ ဘင်္ဂလီအကြမ်းဖက်တိုက်ခိုက်ရေးသမားတွေရဲ့ တိုက်ခိုက်မှုဖြစ်ပြီး လုံခြုံရေး ရှင်းလင်းဆောင်ရွက်မှုတွေမှာ အင်အားအလွန်အကျွံသုံးခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့လည်း လွန်စွာ စိုးရိမ်မကင်းဖြစ်ကြောင်း၊ ပြည်နယ်မှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုကို အဆုံးသတ်ဖို့ ချက်ချင်းဆောင်ရွက်သွားရေး မြန်မာကို တိုက်တွန်းကြောင်း ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ဘင်္ဂလီ အကြမ်းဖက်သမားတွေက လုံခြုံရေးရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တွေနောက်ပိုင်း တပ်မတော်က လုံခြုံရေးရှင်းလင်းဆောင်ရွက်နေခဲ့ရတဲ့ အခြေအနေနဲ့ပတ်သက်လို့ စုစုစည်းစည်း ဖြေရှင်းရေး ကုလ ကောင်စီက ယခုလို ပထမဆုံးအကြိမ်အဖြစ် သဘောတူလိုက်တာဖြစ်ပါတယ်။

ယခုလို ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ဖြစ်စဉ်တွေအပေါ် ပြစ်တင်ကြောင်း ပြောဆိုခဲ့သလို ယင်းပြည်နယ်ကို လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်သားတွေ ဝင်ရောက်ခွင့် ရရေးကိုလည်း အဆိုပါ ကုလ လုံခြုံရေးကောင်စီက တောင်းဆိုခဲ့သေးတယ်လို့လည်း သိရပါတယ်။

ဒါဟာ မြန်မာနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေအကြား ဘုံသဘောထားတစ်ရပ်တည်း ထုတ်ပြန်နိုင်ခဲ့တာဟာ ကိုးနှစ်တာအတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်ဆိုပြီးတော့လည်း ဗြိတိန်သံအမတ်ကြီး မက်သရူး ရိုင်ကရော့ဖ်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly