ဗီယက်နမ်ကိုအနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ပြီးနောက်တွင် မြန်မာယူ၁၈ နည်းပြဘန်လာဘီက ဆီမီးတွင်ရင်ဆိုင်ရမည့် မလေးရှားနှင့်ပွဲအတွက် ၎င်း၏ အသင်းတွင် ဝှက်ဖဲများရှိနေသေးသည်ဟု ပြောဆိုလိုက်သည်။
ယနေ့ပွဲတွင် မြန်မာအသင်းသည် ဗီယက်နမ်ကို ပွဲချိန် တစ်မိနစ်မှာ တင်ဂိုးပေးခဲ့ရပြီးနောက်ကနေ အသည်းအသန်လိုက်ကစားခဲ့ရသည်။ မြတ်ကောင်းခန့်နှင့် လွင်မိုးအောင်တို့၏ နောက်ကျသွင်းဂိုးများကြောင့်သာ အနိုင်ရခဲ့ခြင်းဖြစ်သည်။
ဘန်လာဘီက"နံပါတ် ၇ က ကျွန်တော့်ရဲ့ ဝှက်ဖဲဆိုတာဒီနေ့မှာအားလုံးပဲ သိသွားကြပါပြီ။ ဒါပေမယ့် မလေးရှားနဲ့ပွဲအတွက် ကျွန်တော့်မှာ ဝှက်ဖဲတွေရှိပါသေးတယ်။ ဗိုလ်စွဲနိုင်ဖို့က ကျွန်တော်တို့ရဲ့ရည်မှန်းချက်ပါ'' ဟု ဆိုသည်။
ယနေ့ပွဲစဉ်များတွင် အင်ဒိုနီးရှားက ဘရူနိုင်းကို ၈-၀ ဂိုးဖြင့်အနိုင်ရခဲ့ပြီး မြန်မာအသင်းက ဗီယက်နမ်ကို၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သောကြောင့် အင်ဒို မြန်မာနှင့် ဗီယက်နမ်တို့မှာ ရမှတ်တူနေခဲ့ကြသည်။
ထို့ကြောင့်ဂိုးကွာခြားချက်တွင် အသာရသည့် အင်ဒိုက အုပ်စုဗိုလ်ဖြစ်ခဲ့သည်။ မြန်မာနှင့်ဗီယက်နမ်တို့မှာ ဂိုးကွာခြားချက်တူညီနေသဖြင့် ထိပ်တိုက်တွေ့ဆုံမှုတွင်အသာရသည့်မြန်မာက အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။