မကြာခင် တွေ့ရမည့် ပိုင်တံခွန်၏ ချစ်သူ

မကြာခင် တွေ့ရမည့် ပိုင်တံခွန်၏ ချစ်သူ

အနုပညာလောကထဲတွင် နေရာတစ်နေရာ ရနေပြီဖြစ်သည့် မော်ဒယ်၊သရုပ်ဆောင် ပိုင်တံခွန်က သူ၏ တစ်ကိုယ်တော် မီနီအယ်ဘမ်ဖြစ်သည့် ချစ်သူကို ပရိတ်သတ်များ၏လက်ထဲ ထည့်ပေးတော့မည်ဖြစ်သည်။

ယခုအခွေကို ပရိသတ်များ၏ တောင်းဆိုမှုကြောင့် ထုတ်ဖြစ်ခြင်းဖြစ်ကာ အခွေရောင်းရသော အမြတ်အစွန်းများကို သူ့၏မွေးနေ့တွင် မိဘမဲ့ကလေးများအတွက် လှူဒါန်းသွားမည်ဟု ပိုင်တံခွန်က ပြောသည်။

“ကျွန်တော် ပရော်ဖက်ရှင်နယ်အဆိုတော်တစ်ယောက်အဖြစ် လုပ်စားဖို့ ထုတ်တာမဟုတ်ပါဘူး။ မွေးနေ့မှာ အမှတ်တရဖြစ်ပြီးတော့ ပရိသတ်အတွက် အမှတ်တရထုတ်ပေးတာပါ။ ပြီးတော့ ဒီအခွေလေးရောင်းပြီးတော့ ရသမျှငွေကြေးအကုန်လုံးကို လှူဒါန်းဖို့အတွက် အနုပညာလေးတစ်ခုအနေနဲ့ ထုတ်ဖြစ်ခဲ့တာပါ”ဟု ပိုင်တံခွန်က ပြောသည်။

ယခုမီနီအယ်ဘမ်၏ အမည်ကို ချစ်သူဟု ပေးဖြစ်ပုံနဲ့ပတ်သက်ပြီး “အဓိကကတော့ သီချင်းခွေထဲမှာ သီချင်းလေးတွေ အကုန်လုံးက တက္ကသိုလ်ကျောင်းသူတို့၊ ဆရာမတို့၊ တောသူတို့ သခင်မတို့ မေရယ်တို့ အဲဒီလို မိန်းကလေးတွေရဲ့အကြောင်းအရာတွေကို ရေးဖြစ်ထားတာ အဲဒါကြောင့်မို့ အကုန်လုံးကိုခြုံငုံပြီးတော့ ချစ်သူလို့ နာမည်ပေးဖြစ်တာပါ”လို့ ပြောခဲ့ပါတယ်။

အခုအခွေထဲမှာ သီချင်းစုစုပေါင်း ၅ ပုဒ် ပါဝင်ပြီး လာမည့် စနေနေ့ စက်တင်ဘာလ ၁၆ရက်နေ့ ညနေ ၃ နာရီ ရန်ကုန်မြို့လှည်းတန်းစင်တာတွင် ချစ်သူမီနီအယ်ဘမ်ပရိုမိုးရှင်းပွဲကို ပြုလုပ်သွားမှာဖြစ်ပြီး စက်တင်ဘာလ ၁၇ ရက်နေ့ ပိုင်တံခွန်၏ ၂၁နှစ်ပြည့်မွေးနေ့တွင် အခွေရောင်းရသောငွေများကို မိဘမဲ့ကလေးများသို့ လှူဒါန်းသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly