မောင်တောဒေသအတွက် ရန်ပုံငွေ မျက်လှည့်ပြပွဲကျင်းပမည်

မောင်တောဒေသအတွက် ရန်ပုံငွေ မျက်လှည့်ပြပွဲကျင်းပမည်

ရန်ကုန် စက်တင်ဘာ ၁၃ ။          ။ ရခိုင်မြောက်ပိုင်းဒေသကယ်ဆယ်ရေးနှင့် ကူညီ ထောက်ပံ့ရေးရန်ပုံငွေဖျော်ဖြေပွဲပြုလုပ်မည့် ကိစ္စနှင့်ပတ်သက်၍ စာနယ်ဇင်းမိတ်ဆက် အခမ်းအနားကို ယနေ့ စက်တင်ဘာ လ ၁၃ ရက်နေ့က ရန်ကုန်မြို့Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

ရခိုင်အမျိုးသားအသင်းချုပ်က စီစဉ်ကျင်းပမည့် ဖျော်ဖြေပွဲတွင် ဟာသမျက်လှည့်ပညာရှင် Mr. Top နှင့်သားဖြစ်သူ Harry တို့အပါအဝင် အနုပညာရှင်များစွာ ပါဝင်မည်ဖြစ်ကြောင်း သိရ သည်။

" ရခိုင်မြောက်ပိုင်း မောင်တောဒေသ အကြမ်းဖက်ခံရပြီး ရခိုင်တိုင်းရင်းသားတွေ သေကြ၊ ကြေကြ ထွက်ပြေးကြတဲ့ အကြောက်တရားက ထိပ်ဆုံးကို ရောက်သွားပြီ။ အဲဒီတော့ မပြေးရင် လည်း အသတ်ခံရမယ်။ ပြေးရင်လည်း အသတ်ခံရမယ်။ အခုဆိုရင် ဘူးသီးတောင်၊ မောင်းတော အဲဒီဒေသတွေမှာ တိုင်းရင်းသား သောင်းကျော်လောက်ရောက်နေကြပြီ၊ လိုနေ တာက ဆန်၊ ဆီတွေပေါ့။ အခု ကျွန်တော်တို့က တတ်နိုင်သ၍ ပံ့ပိုးကူညီနိုင်ဖို့ အခုလိုပွဲလေး စီစဉ်ရတာပါ " ဟု ရခိုင်အမျိုးသား အသင်းချုပ် ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။

ဖျော်ဖြေပွဲမှ ရရှိမည့်ရန်ပုံငွေများကို ရခိုင် မြောက်ပိုင်းဒေသအထိ သွားရောက် လှူဒါန်း မည်ဟု ၎င်းက ဆက်လက်ပြောပြသည်။

ယင်းဖျော်ဖြေပွဲတွင် ရခိုင်တိုင်းရင်းသား အနုပညာရှင်တစ်ဦးအနေနှင့် ထူးခြားဆန်းပြား သော မျက်လှည့်ပညာရပ်များဖြင့် ဖျော်ဖြေသွား မည်ဟု ဟာသမျက်လှည့်ပညာရှင် Mr.Top က ပြောသည်။

"ကွျွန်တော်က ဒီပြပွဲမှာ ၂၀၁၃ ၂၀၁၄ လောက် က ပြခဲ့တဲ့ပြကွက် အကြီးကြီးတွေ ပြသသွား မယ်။ အခုလက်ရှိ နိုင်ငံခြားမှာ ဈေးကြီးကြီး ပေးပြီး ကြည့်ရမယ့်ပြကွက်တွေကို ကျွန်တော် တို့ရဲ့အနုပညာနဲ့ ရခိုင်မြောက်ပိုင်းက ဒုက္ခ ရောက်နေတဲ့ပြည်သူတွေအတွက် အခမဲ့ပြ သွားမှာ။ မော်ဒယ်တင်မိုးလွင်အပါအဝင် မော်ဒယ်လေးတွေ ၁၀ ယောက်လောက်လည်း ပါမယ်။ နောက်ဆုံးပိုင်းမှာ စိတ်ဝင်စားဖွယ်၊ စိတ်လှုပ်ရှားဖွယ် ပြကွက်ကြီးတစ်ခုနဲ့ အဆုံးသတ်ပြသသွားမယ်" ဟု ဟာသ မျက်လှည့် ပညာရှင် Mr.Topက ဆိုသည်။

အခမ်းအနားတွင် ရခိုင်အမျိုးသားအသင်း ချုပ်အဖွဲ့ဝင်များ၊ စာရေးဆရာများနှင့် အနုပညာ ရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ယင်း ဖျော်ဖြေပွဲကို လာမည့်စက်တင်ဘာ ၂၇ ရက်နေ့ တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံကြီးတွင် အခမဲ့ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly