မန္တလေး မောရဂီဝါရပ်ကွက်တွင် ရပ်မိရပ်ဖလုံခြံုရေးအဖွဲ့မှ ညစဉ်လုံခြံုရေးကင်းလှည့်နေ

မန္တလေး မောရဂီဝါရပ်ကွက်တွင် ရပ်မိရပ်ဖလုံခြံုရေးအဖွဲ့မှ ညစဉ်လုံခြံုရေးကင်းလှည့်နေ

မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်၊  မောရဂီဝါရပ်ကွက်တွင် စက်တင်ဘာပထမအပတ်မှ စတင်၍ ရပ်မိရပ်ဖ လုံခြုံရေးအဖွဲ့မှ ညစဉ်ညတိုင်း လုံခြုံရေးကင်းလှည့်လျက်ရှိကြောင်း သိရသည်။

ရပ်ကွက်လုံခြုံရေး၊ မီးဘေးလုံခြုံရေး နှင့် လျှပ်စစ်ကာကွယ်ရေး စသည့် လုံခြုံရေးလုပ်ငန်းများအား ညစဉ် ည ၁၀ နာရီ မှ နံနက် ၅ နာရီထိ လှည့်ကင်းဆောင်ရွက်ခြင်း၊ ကင်းပုန်းချထားခြင်းဖြင့် ရပ်မိရပ်ဖ လူငယ် ၆၀ ခန့်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

'' လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက လုံခြုံရေး လှည့််တာ ကင်းပုန်းထားတာ ဆောင်ရွက်တာပါ။ လက်တလော ကောလဟလသတင်းတွေ ပျံ့နှံ့နေကြောင့် ပြည်သူတွေ စိုးရိမ်မှုရှိလာတာရယ် ၊ အထက်ကလည်း လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ဖို့ ညွန်ကြားလာတာရယ်ကြောင့် ရပ်ကွက်ထဲက ပရဟိတလူငယ်တွေ ဖိတ်ခေါ်ပြီး အခုလို အင်အားများများနဲ့ လုံခြုံရေးလှည့်လည်ပေးတာပါ ၊ ပြည်သူတွေ ခေါင်းအုံးပြားပြား အိပ်နိုင်ဖို့အတွက်ပါ '' ဟု မန္တလေးမြို့ မောရဂီဝါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုး(ခ)ဦးပေါက်ကြီးက ပြောသည်။

အဆိုပါ လုံခြုံရေးဆောင်ရွက်ပေးမှုကြောင့် ရပ်မိရပ်ဖများ ညစဉ် လုံခြုံစိတ်ချစွာ အိပ်စက်ရသည့်အတွက် ရပ်မိရပ်ဖများက လိုအပ်ချက်များအား ဝိုင်းဝန်း ပံ့ပိုးကူညီပေးခဲ့ရာ ယခုအခါ တူညီဝတ်စုံများဖြင့် လုံခြုံရေးဆောင်ရွက်လျက် ရှိသည်။

'' ရပ်ကွက်ထဲ လူ(၁၅)ယောက် (၂၀)ယောက်နဲ့ ရန်ဖြစ်တာတွေ ကြုံဘူးတယ်၊ သူတို့ကို ထိန်းချုပ်နိုင်ဖို့ လူအင်အားရှိဖို့လိုတဲ့အတွက် ရပ်ကွက်ထဲက ပရဟိတစိတ်ရှိတဲ့ လူငယ်တွေကို ဖိတ်ခေါ်ပြီး မကြာခင်က အင်အားတိုးပြီး လုံခြုံရေးဆောင်ရွက်နေတာပါ၊ ဒီလို လုံခြုံရေးဆောင်ရွက်တဲ့နေရာမှာ တစ်ဖက်က ဒုတ်၊ ဓား လက်နက်ပါလာနိုင်တဲ့အတွက် လှည့်ကင်းထဲကအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဒုတ်နဲ့ လေးဂွတစ်ချို့ကို ခုခံဖို့ ကိုင်ဆောင်ထားတယ်၊ ရပ်မိရပ်ဖ လူငယ်တွေကိုတော့ လက်နက်ကိုင်ခွင့်ပေးမထားပါဘူး '' ဟု မန္တလေးမြို့ မောရဂီဝါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုး(ခ)ဦးပေါက်ကြီးက ပြောသည်။

မောရဂီဝါရပ်ကွက် ရပ်မိရပ်ဖ လုံခြုံရေးအဖွဲ့သည် ရပ်ကွက်အတွင်း လှည့်ကင်းဆောင်ရွက်ခြင်းအပြင် (၇၃)လမ်း နှင့် လမ်း(၃၀)ထောင့်။ (၇၃)လမ်း နှင့် (၃၅)လမ်းထောင့်။ (၇၆)လမ်း နှင့် (၃၅)လမ်းထောင့်။ လမ်း(၃၀) နှင့် (၇၆)လမ်းထောင့် စသည့် နေရာများ နှင့် ရပ်ကွက်အတွင်း တစ်ချို့ နေရာများတွင် ကင်းပုန်းချ၍ ရပ်ကွက်လုံခြုံရေးကို ဆောင်ရွက်လျက်ရှိသည်။

မောရဂီဝါရပ်ကွက် ရပ်မိရပ်ဖ လုံခြုံရေးအဖွဲ့သည် လှည့်ကင်းဆောင်ရွက်စဉ် ကိစ္စတစ်စုံတစ်ခုနှင့်ကြုံတွေ့ပါက အရင်ဆုံး ညှိနှိုင်းဆွေးနွေး၍ ဥပဒေအကြောင်းအရာများ ရှင်းပြဖြေရှင်းလျက်ရှိပြီး ညှိနှိုင်းဖြေရှင်းမရပါက သက်ဆိုင်ရာ ရဲစခန်းသို့ ဆက်သွယ်အကြောင်းကြား၍ ဖြေရှင်းဆောင်ရွက်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required