အိပ်မက်တွေကို မစွန့်လွှတ်ပါနဲ့လို့ဆိုတဲ့ မော်ဒယ် သန္တာလှိုင်

13 September 2017
အိပ်မက်တွေကို မစွန့်လွှတ်ပါနဲ့လို့ဆိုတဲ့ မော်ဒယ် သန္တာလှိုင်

မြန်မာပြည်ရဲ့ မော်ဒယ်တစ်ခေတ်ကို ဦးဆောင်လမ်းခင်းပေးခဲ့သူလို့ဆိုရမယ့် မော်ဒယ် သန္တာလှိုင်က သူ့ရဲ့ မော်ဒယ်တစ်ဦးရဲ့ဖြတ်သန်းမှုကို အခုလို ပြောပြခဲ့ပါတယ်။

“ငယ်ငယ်လေးကတည်းက ဓာတ်ပုံ မော်ဒယ်ကို အရမ်းကို ဝါသနာပါတယ်။ မော်ဒယ် ရှိတယ်ဆိုတာကို မသိခင်ကတည်းကကို ဝါသနာပါတာ။ တစ်နေ့တော့ ၁၉၉၃ လောက်က အဲဒီတုန်းကတော့ အပျိုပေါက်ပေါ့။ မဟေမာနေဝင်းတို့အိမ်မှာ လျှောက်သွားနေရင်းနဲ့ သူတို့အနောက်ကနေ လူကြီးတွေအနောက်ကနေ လိုက်မော့ပေါ့။ အဲဒီအချိန်မှာ မသန္တာ အမေရိကကနေ ယူလာတဲ့ 17 ဆိုတဲ့ မဂ္ဂဇင်းရှိတယ်။ အဲဒီအထဲမှာကျတော့ ကောင်မလေးတွေက ကိုယ့်အရွယ်လေးတွေ အကုန်လုံး မော်ဒယ်တွေ တစ်အုပ်လုံးက မော်ဒယ်တွေ ချည်းပဲ။ အဲဒါတွေကို ကြည့်ကြည့်ပြီးတော့ ငါ တစ်နေ့တစ်ချိန်ကျရင် ဒါမျိုး လုပ်ကိုလုပ်မယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက မြန်မာပြည်မှာ မော်ဒယ်ဆိုတာ ဖွံ့လည်းမဖွံ့ဖြိုးသေးဘူး။ Market ဈေးကွက်လည်း မရှိသေးတဲ့အတွက် မြန်မာနိုင်ငံမှာတော့ လုပ်ဖြစ်မယ်မထင်ဘူး တခြားနိုင်ငံမှာ သွားလုပ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ကိုယ်က စခဲ့တာပဲ။

ဒါပေမယ့် ၁၉၉၆ လောက်ကျတော့ စပြီးတော့ မော်ဒယ်လုပ်ငန်းတွေ စပွင့်လာတယ်။ ပွင့်လာတဲ့အချိန်မှာ အကုန်လုံး ရသမျှ အခွင့်အရေးတွေကို အကုန်ယူပြီးတော့ ကိုယ်လုပ်ချင်တာ ကိုယ်ဖြစ်ချင်တာ မရရအောင် မဖြစ်ဖြစ်အောင် Function Show ဆိုတာ မရှိတဲ့အချိန်မှာ မရရအောင် ကိုယ်တွေက စပြီးတော့ ထွင်ခဲ့တယ်။ စပွန်ဆာတွေ လိုက်ရှာတယ်။ Function Show မလုပ်လုပ်အောင် လုပ်ငန်းရှင်တွေကို လိုက်ပြီးတော့ သဘောကတော့ မော်ဒယ်လမ်းကြောင်းကြီး တစ်ခုလုံးကို ဒီ အစပျိုးခဲ့တဲ့ Group လေးကနေပဲ ထွင်ခဲ့တာလို့ပြောရင် ရပါတယ်။

အဲဒီအချိန်တုန်းက စိန်ခေါ်မှုက အစိုးရက မော်ဒယ်နဲ့ပတ်သက်ပြီးတော့ နားမလည်ဘူး။ အားမပေးဘူး။ အဲတော့ စိန်ခေါ်မှုတွေကတော့ အများကြီးပါပဲ။ အဲဒီထဲက တစ်ခုဆိုရင်တော့ Supported မဖြစ်တဲ့ အစိုးရတွေရှိမယ်။ နားမလည်တဲ့ ပရိသတ်တွေက လက်မခံတာတွေရှိမယ်။ ဒါပေမယ့် ကျွန်မတို့ကကျတော့ ကိုယ်လုပ်ချင်တာကို ဖြစ်ချင်တာကို မရရအောင် ထွင်ပြီးတော့ လုပ်သွားတဲ့ လူစားမျိုး ဖြစ်တဲ့အတွက် အဲလိုမျိုးအရာတွေကို စိန်ခေါ်မှုလို့ မမြင်တော့ဘူး။ ဒါတွေကသာ ကိုယ့်အတွက် နိစ္စဓူ၀ ဖြတ်သန်းရမယ့် လုပ်ရမယ့် အလုပ်တွေထဲက တစ်ခုလို့ အဲလိုပဲ မြင်ပြီးတော့ ကိုယ်လုပ်စရာရှိတာကို အကုန်လုံး လုပ်သွားတာပဲ။ ဘာမှတော့ သိပ်အခက်အခဲ သိပ်မရှိဘူး။ လူငယ်တွေသဘာဝ လုပ်ချင်တာတွေ လုပ်ရတယ်။ ပျော်ခဲ့တယ်။ အခုချိန်မှာလည်း ပြန်ပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ဒီမော်ဒယ်လောကနဲ့ ကိုယ်က စထွင်ခဲ့တယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်သွားတဲ့အတွက်လည်း ဒီလို ရည်ရွယ်ချက်မျိုးနဲ့ မဟုတ်ပေမယ့်လည်း အခုချိန်မှာ အနှစ်နှစ်ဆယ် ကျော်သွားပြီဆိုတော့ ပြန်ကြည့်လိုက်ရင် အဲဒီတုန်းက ကိုယ်တွေက သမိုင်းကို ခင်းခဲ့လိမ့်မယ်လို့တောင် မထင်ခဲ့ဘူး။ ဒါ ကလေးဘဝနဲ့ ကိုယ်ရည်မှန်းချက်တွေ ရှိသလောက်ကို ရနိုင်သမျှ ရအောင်လုပ်နေတဲ့ လူငယ်တွေထဲက တစ်ယောက်လို့ ပြောရင် ရပါတယ်။

ကိုယ့်တစ်ယောက်ရဲ့ အရည်အချင်းဆိုတဲ့အထဲမှာ ရုပ်လှရုံတစ်ခုတည်းနဲ့ မပြီးပါဘူး။ ရုပ်အပြင် အပြောအဆို နေထိုင်တတ်ဖို့ လူတွေနဲ့ ဆက်ဆံဖို့ကလည်း အများကြီး အရေးကြီးပါတယ်။   မော်ဒယ်ဖြစ်ချင်လို့ရှိရင် အေဂျင်စီတွေ၊ ကြော်ငြာတွေ မဂ္ဂဇင်းတွေ လုပ်ငန်းတွေနဲ့ တိုက်ရိုက်မဟုတ်ရင်တောင်မှ အခုခေတ်မှာက အကုန်လုံးက အေဂျင်စီတွေကနေ တစ်ဆင့်တစ်ဆင့် သွားတာဆိုတဲ့အတွက် အေဂျင်စီအကုန်လုံးနဲ့ သင့်တင့်လျောက်ပတ်ဖို့လိုတဲ့အပြင် စာနယ်ဇင်းတွေနဲ့လည်း အဆင်ပြေဖို့လိုတယ်။ စာနယ်ဇင်းတွေလုပ်မှပဲ သူ့က ပိုပြီးတော့ ပြန့်ပွားမှာ။ ဆိုတော့ ဒီအရာတွေအကုန်လုံးကို နားလည်ဖို့ တတ်ဖို့ လိုတယ်။ မော်ဒယ်တစ်ယောက် ဖြစ်ချင်တယ် ရပ်တည်ချင်တယ်ဆိုရင် ရုပ်ရှင်မင်းသား မင်းသမိးအနေနဲ့ ရပ်တည်ဖို့ကျတော့ မော်ဒယ်ထက် အများကြီး ပိုလွယ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ရှင်ရိုက်လိုက်ပြီဆိုတာနဲ့ တစ်နိုင်ငံလုံးက အကုန်လုံး မြင် ပြန့်သွားပြီးတော့ လက်ခံလာပြီးတော့ အဲဒီကနေ တစ်ဆင့်တစ်ဆင့် သွားတာ။ မော်ဒယ်တစ်ယောက်တည်း သီးသန့် ရပ်တည်ဖို့ဆိုတာကတော့ အများကြီးကို လိုအပ်ပါတယ်။ တော်ရုံတန်ရုံ အရည်အချင်းနဲ့ မရပါဘူး။

ဒီကနေ ထွက်သွားပီးပီးချင်းကတော့ ကျောင်းသူဘဝနဲ့ပဲ ဟိုမှာက ရိုးရိုး လုံးဝ ဒီက ထွက်သွားပြီဆိုတာက ဒီမှာ ဘာလုပ်ခဲ့တယ်ဆိုတာကို မေ့ပစ်လိုက်ပြီးတော့ ဟိုမှာ ဘဝသစ် စမယ်ဆိုတော့ လုပ်စရာရှိတာလုပ်တယ်။ စရောက်ရောက်ချင်းတုန်းကတော့ စာပွဲထိုးလည်း ဝင်လုပ်လိုက်တာပဲ။ ပေးထားတဲ့ပိုက်ဆံတွေလည်း အကုန်စုတယ်။ ကိုယ်ရှာသမျှလည်း အကုန်စုတယ်။ ပြီးရင် မနေနိုင်ဘူး ဟိုမှာလည်း ရသလောက်ရှာပြီးတော့ စုတယ်။ အဲလိုမျိုးပေါ့။ နောက်တော့ အိမ်ထောင်ကျသွားတော့ ကိုယ်ဆက်လုပ်နေတဲ့ ပညာရေးတွေအကုန်လုံးကို စွန့်လွှတ်လိုက်ပြီးတော့ ကလေးတွေဘာတွေ မွေးတယ်။ ဒါ အခုခေတ် မြန်မာအမျိုးသမီးလေးတွေ လုပ်နေတာကို မြင်တွေ့နေရတယ်။ ကိုယ်လည်း အရင်က လုပ်ခဲ့တဲ့ အရာတွေပေါ့နော်။ ဒါပေမယ့်လည်း အဲဒီလို စွန့်လွှွတ်လိုက်တာနဲ့အတူ ကိုယ့်မှာရှိတဲ့ အခြား အခွင့်အရေးတွေရော အိပ်မက်တွေ စွန့်လွှတ်လိုက်တာနဲ့အတူ ကိုယ်ဖြစ်ချင်တဲ့ အရာတွေကလည်း ဒီအိမ်ထောင်ရေးမှာ ဖြစ်မလာတော့ဘူးဆိုတာကို အတွေ့အကြုံရ မြင်တွေ့နေရတယ်။ အဲဒါကြောင့်မို့ အကုန်လုံးကို မစွန့်ပစ်ပါနဲ့ ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်ပါဆိုပြီးတော့ အမြဲတမ်း အားပေးနေတာပါ။

တစ်ယောက်နဲ့တစ်ယောက်မှာ ဘဝစာမေးပွဲဆိုတာ ဘယ်သူမှ မတူကြဘူးတဲ့။ ငယ်ငယ်တုန်းက စာမေးပွဲဖြေတဲ့အခါမှာ ဟိုဘက်ဒီဘက် ကူးချလို့ရတယ်ဆိုတာ မေးခွန်းချင်းက တူတူပဲလေ။ အခု ကျွန်မတို့ဖြေနေရတဲ့ ဘဝစာမေးပွဲက တစ်ယောက်နဲ့တစ်ယောက်က တူတာမှမဟုတ်တာ။ အဲတော့ သူ့ဘဝမှာ သူ့ဘာသာသူ ဒီလိုမျိုးဖြစ်ပြီးတော့ ဒီလိုလမ်းကြောင်းမှာ ဒီလိုအောင်မြင်နေပေမယ့်လည်း ကိုယ်က အဲလို လိုက်လုပ်ဖို့အတွက် ကိုယ့်ဘဝက ဒီဇိုင်းစွဲထားတာလည်းမဟုတ်ဘူး။ ရည်ရွယ်ထားတာလည်း မဟုတ်ဘူးဆိုတော့ ကိုယ့်ဘဝ ရည်ရွယ်ချက်က ဘာလဲဆိုတာကို ရှာဖွေရင်း ရှာဖွေရင်းနဲ့ အခု တွေရှိလာတာ မကြာသေးပါဘူး။ အခုလောလောဆယ်တော့ မကြာခင်က စထားတဲ့ GYM နဲ့ပဲ အလုပ်တွေရှုပ်နေတာ။ မနက်ဆိုရင် ၅ နာရီခွဲလောက်ဆို ထပြီး ၆ နာရီဖွင့်တာဆိုတော့ ကိုယ်က အရင်ဆုံ းအမြဲတမ်း ရောက်နေရတယ်။ ညဆိုရင်လည်း ၉ နာရီမှ ပိတ်တာဆိုတော့ တစ်နေကုန်နီးပါး လုပ်ဖြစ်သွားတာပေါ့နော်။

အခုနောက်ပိုင်းမှာ မိန်းကလေးတွေအကုန်လုံးကို ကျမ ဆုံးမတာ တစ်ခုပဲရှိပါတယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ အိပ်မက်တွေ ပျောက်ဆုံးမသွားပါစေနဲ့။ အိမ်ထောင်ကျပြီဆိုတာနဲ့ အကုန်လုံး အလုပ်တွေရော ပညာရေးတွေရော အကုန် စွန့်လွှတ်ပြီးတော့ ကလေးမွေးမယ် ဒါ ကိုယ့်ရဲ့ ဘဝကြီးတစ်ခုလုံးလိုမျိုး ဒီ အိမ်ထောင်ရေးထဲမှာ မြှုပ်နှံလိုက်တဲ့အရာက ဒါ ကိုယ့်ဘဝ မပျော်ရွှင်မှုအတွက် လမ်းကြောင်းကို ကိုယ်ကိုယ်တိုင် ထွင်လိုက်တာလို့ပဲ အမက ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ နောက်ပိုင်း အိမ်ထောင်ရေးမှာ ကိုယ်လိုချင်တဲ့ လမ်းကြောင်းအတိုင်း ဖြစ်မလာဘူးဆိုရင် စိတ်ဆင်းရဲရမှာက ကိုယ်ပဲ ရှိပါတယ်။ ကိုယ်စွန့်လွှတ်ထားတဲ့အရာတွေကို နောင်တရလိမ့်မယ်။ အဲဒီအချိန်မှာ ကိုယ်လို့ မခံစားရတော့ပဲနဲ့ မပျော်ရွှင်မှုတွေ ဖြစ်လာရင် ကိုယ်မှမပျော်ရင် ဒီအိမ်ထောင်ကလည်း ဘယ်လိုလုပ် သာယာနိုင်တော့မှာလဲဆိုတော့ အမြဲတမ်းပြောတာကတော့ မစွန့်လွှတ်ပါနဲ့ ကိုယ့်ရဲ့အိပ်မက်တွေနဲ့ လူတိုင်းမှာ အိပ်မက်တွေ ရည်မှန်းချက်တွေဆိုတာ ရှိပါတယ်။ အဲဒီ ရည်မှန်းချက်တွေ ကိုယ်သာ စွန့်လွှတ်ပြီးတော့ ယူရမယ့် အိမ်ထောင်ရေးဆိုလို့ရှိရင်တော့ ဒီအိမ်ထောင်ရေးဟာ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်ပါ့မလားဆိုတာကို သေချာ ပြန်စဉ်းစားလို့ပဲ   ပြောချင်ပါတယု်။  လူကြီးတွေ ဘာပဲပြောပြော တကယ်တော့ နောက်ဆုံးကျရင် ကိုယ့်ဘဝကို ကိုယ်ပဲ လျှောက်လှမ်းရမှာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ရည်မှန်းချက်နဲ့ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေက ဘာလဲဆိုတာ အရင်ဆုံးသိအောင် ရှာဖွေပါ ကြိုးစားပါ ဆွတ်ခူးပါလို့ပဲ အမက ပြောချင်ပါတယ်။ ”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly