“ဘတ်စ်ကားကို ကုန်တင်ကားလို သုံးတာ ကောင်းသလား”

“ဘတ်စ်ကားကို ကုန်တင်ကားလို သုံးတာ ကောင်းသလား”

ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့ ညနေက ရန်ကုန်- နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင် ၁၀၅ မှာ ဆိုးရွားတဲ့ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန်-လားရှိုး ပြေးဆွဲတဲ့ ရွှေလီဦး ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပါတယ်။ နောက်ဆုံး သတင်းအရ ယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ၉ ယောက် သေဆုံးခဲ့ပြီဖြစ်ပြီး ၂၇ ယောက် ဆေးရုံတင်ထားရဆဲ ဖြစ်ပါတယ်။ 

ထူးခြားတာ တစ်ခုကတော့ အဲဒီယာဉ် တိမ်းမှောက်မှု ဖြစ်ပွားတာဟာ ညနေ ၆ နာရီ ဝန်းကျင် အလင်းရောင် ကောင်းကောင်းရှိတဲ့ အချိန်ဖြစ်နေခြင်း၊ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး သိပ်မကြာခင် မြန်မာကေဘယ်လ်နက်ဝပ်ခ် MCN သတင်းထောက် အဲဒီနေရာ ရောက်ရှိ မှတ်တမ်း တင်နိုင်ခဲ့တာကြောင့် ယာဉ်မတော်တဆမှုနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို အများ ပြည်သူ ကြည်ရှုခွင့် ရခဲ့ကြပါတယ်။ ထူးခြားတာ တစ်ခုကတော့ အဲဒီ အဝေးပြေး ဘတ်စ်ကား ယာဉ်မှာ ကုန်ပစ္စည်းတွေ အဆမတန် တင်ဆောင်လာတာ တွေ့ရပြီး MCN က ဗီဒီယို ကလစ် တစ်ခုထဲမှာဆိုရင် ကြက်အကောင်ပေါက်တွေ ထည့်ထားတဲ့ ဖာပွင့်ထွက်ပြီး ကြက်ကောင် ပေါက်လေးတွေ ညံစီစီနဲ့ လျှောက်ပြေးနေတဲ့ ပုံတွေကိုပါ တွေ့ကြရပါတယ်။ အလွန်ကြီးမားတဲ့ ပြဿနာကြီး တစ်ခုဖြစ်ပေမယ့် မြန်မာပြည်မှာ လူပြောသူပြော သိပ်မရှိတဲ့ လူစီးဘတ်စ်ကားနဲ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးကိစ္စပြဿနာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

အဲဒီ အခင်းဖြစ်ပွားရာ နေရာကို ကိုယ်တိုင်သွားရောက် မှတ်တမ်းတင် စုံစမ်းမေးမြန်းခဲ့တဲ့ MCN သတင်းထောက်ရဲ့ ရှင်းပြချက်က ခုလိုပါ။ ရန်ကုန်က ထွက်လာတဲ့ ရွှေလီဦး ခရီးသည်တင် ယာဉ် ဘတ်စ်ကားဟာ မိုင်တိုင် ၁၀၅ အနားကို ရောက်ပါတယ်။ ယာဉ်မတော်တဆဖြစ်တဲ့ နေရာ ဟာ ဂငယ်ကွေ့လို နေရာမျိုး ဖြစ်တယ်ဆိုတာ သတိပြုမိတယ်လို့ သူက ပြောပါတယ်။ မတော်တဆ ဖြစ်ချိန်ဟာ ညနေ ၆ နာရီဝန်းကျင် ဖြစ်တာမို့ ယာဉ်မောင်း အိပ်ငိုက်နေတာမျိုးလည်း မဖြစ်နိုင် ပါဘူး။ တကယ်လို့သာ ဘတ်စ်ကားဟာ ပျမ်းမျှ တစ်နာရီ ကီလိုမီတာ ၁၀၀ ဝန်းကျင်လောက်နဲ့ မောင်းလာမယ် ဆိုရင် မိုင်တိုင် ၁၀၅ က ဂငယ်ကွေ့ကို အတော် သတိထားပြီး ကွေ့မှ အန္တရာယ် ကင်းနိုင်မယ်လို့ သူက ကောက်ချက်ချပါတယ်။ လမ်းအခြေအနေဟာ အရှိန်ကောင်းကောင်းနဲ့ ကွေ့နိုင်လောက်အောင် အကွေ့ဒီဂရီ အချိုးအစား ပြေပြစ်မှု မရှိပါဘူး။ နောက် လမ်းကို လိုက်လျော ညီထွေဖြစ်အောင် စနစ်တကျ ခုံးထားတာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။ အဆိုးဆုံးကတော့ ကားမှာ ကုန်တွေ နင့်နေအောင် တင်ထားတာပါ။ ကားမှောက်ပြီး နောက် ပွင့်ကျနေတဲ့ ကားအောက် ကုန်လှောင်ရုံမှာ ကုန်ပစ္စည်းမျိုးစုံ တင်ထားတာ တွေ့ရပါတယ်။ ကြက်သားပေါက် စက္ကူဘူးတွေ ပါသလို ရေခဲရိုက်ထားတွေ ငါးတွေတောင် ပါပါတယ်။ 
MCN သတင်းထောက်ရဲ့ မှတ်ချက်ကတော့ အရှိန်နဲ့လာတဲ့ ဘတ်စ်ကားဟာ အဲဒီ ဂငယ်ကွေ့ကို ပုံမှန် အခြေအနေမှာ ထိန်းနိုင်ကောင်း ထိန်းနိုင်မှာ ဖြစ်ပေမယ့် ကုန်ချိန်အပြည့် ပါတဲ့အခါ ကားကို ထိန်းသိမ်းရ ခက်ခဲသွားစေတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ မှတ်ချက်ကတော့ ယာဉ်မောင်းပေါ့လျော့မှု၊ လမ်းပြဿနာနဲ့ လူစီးဘတ်စ်ကားပေါ်မှာ ကုန်တွေ နင့်နေအောင် တင်ထားမှု စတာတွေ ဖြစ်တယ် လို့ သိရပါတယ်။
လူစီးဘတ်စ်ကားပေါ်မှာ ကုန်တွေ အပြည့်အသိပ်တင်တာဟာ ယာဉ်အန္တရာယ် ဖြစ်စေ သလားဆိုပြီး ဝေဖန်ဆွေးနွေး ငြင်းခုံမှုတွေတော့ သိပ်မတွေ့ရပါဘူး။ ဒါပေမယ့် ဒီ ပြဿနာဟာ မြန်မာနိုင်ငံမှာ နှစ်ကာလ ကြာရှည် တည်ရှိခဲ့တဲ့ ပြဿနာကြီးတစ်ခု ဖြစ်ခဲ့ပြီး အစိုးရ အဖွဲ့သစ် တက်၊ ကားတင်သွင်းခွင့်တွေ ဖြေလျော့ပေးလိုက်တဲ့တိုင် ဒီပြဿနာကြီးက ကျန်ရစ်နေတာ တွေ့ရပါတယ်။ အရင် စစ်အစိုးရခေတ်ကဆို ပြည်တွင်း တစ်မြို့နယ်နဲ့ တစ်မြို့နယ် ကုန်စည် ကူးသန်းရေးအတွက် ကုန်ကားတွေကို အသုံးပြုကြသလို၊ ခရီးသည်တင် လူစီးဘတ်စ်ကား တွေကိုလည်း အသုံးပြုကြပါတယ်။ အကြောင်းကတော့ လမ်းခရီး စစ်ဆေးရေး ဂိတ်တွေရဲ့ ကိုင်တွယ်ပုံ၊ ကုန်ကားတွေ ဈေးကြီးမှု၊ ဘတ်စ်ကားနဲ့ ကုန်ပစ္စည်းသယ်ရင် တွက်ခြေကိုက်မှု စတာတွေကြောင့် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ဝန်းကျင်က ရန်ကုန်- မန္တလေး ဘတ်စ်ကားလိုင်း တချို့ဆို ခရီးသည် ၄-၅ ယောက်လောက် ဟန်ပြတင်ပြီး ကျန် တစ်စီးလုံး ကုန်တွေ အပြည့်အသိပ် တင်တာမျိုးတောင် ရှိပါတယ်။ အလားတူ ထိုင်းနယ်စပ် မြဝတီနဲ့ ကရင်ပြည်နယ် မြို့တော် ဘားအံ ကုန်စည် ပို့ဆောင်ရေးမှာလည်း ဘတ်စ်ကားတွေကိုပဲ အသုံးပြုကြပါတယ်။ ကုန်တင်တာက အဓိက ဖြစ်ပြီး လူစီးတာက ဟန်ပြသာသာ ဖြစ်ပါတယ်။

နောက်ပိုင်း ခေတ်ပြောင်းတဲ့အခါ ပြည်ပကနေ တစ်ပတ်ရစ် ခေတ်မီ လူစီးဘတ်စ်ကားတွေ တင်သွင်းပြီး အဝေးပြေး ယာဉ်လိုင်းတွေမှာ ပြေးဆွဲကြပါတယ်။ မထသလို ယာဉ်လိုင်းတွေကို ကြီးကြပ်တဲ့ အဖွဲ့တွေက ဒီဇယ်ကို အစိုးရသတ်မှတ်ဈေး ခွဲတမ်းနဲ့ ရောင်းချပေးပြီး ခရီးသွား လက်မှတ်နှုန်းထားကို သတ်မှတ်ပေးပါတယ်။ ယာဉ်လိုင်းထောင်သူ အများစုဟာ မထသက သတ်မှတ်တဲ့ ယာဉ်စီးခနှုန်းထားနဲ့ ပြေးဆွဲကြရပါတယ်။ ဒါပေမယ့် ခရီးသည်တွေရဲ့ ဝန်စည်စလွယ် တင်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး လူတစ်ယောက် ဘယ်လောက် တင်ခွင့်ပြုတယ် စနစ်တကျ သတ်မှတ်ပေးတာ မရှိသလို လူစီးဘတ်စ်ကားမှာ ခရီးသည်တွေရဲ့ ဝန်စည်စလွယ်နဲ့ မဆိုင်တဲ့ တခြား ကုန်စည်တွေ တင်ဆောင်ခွင့် မပြုတဲ့ ကန့်သတ်ချက် စည်းကမ်းမျိုးကိုလည်း ချမှတ် ထားတာ မတွေ့ရပါဘူး။ ဒီအတွက် အဝေးပြေး လူစီးဘတ်စ်ကားလိုင်းထောင်သူ အားလုံးလိုလို လောက်ဟာ တစ်ပြိုင်နက်တည်းမှာ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေကိုပါ လုပ်ကြပါတော့ တယ်။ သူတို့ ကုန်စည် တင်ဆောင်တဲ့ ကားတွေကတော့ ပြည်သူတွေ စီးနေတဲ့ အဝေးပြေး ဘတ်စ်ကားတွေပါပဲ။

ဘတ်စ်ကားလိုင်း ထောင်သူတွေဟာ ငွေများများ ရအောင်၊ ကုန်များများ တင်ချင်ပါတယ်။ ကုန်များများ တင်လို့ရအောင် ခရီးသည်တွေရဲ့ ဝန်စည်စလွယ် တင်ဆောင်မှုကို အမျိုးမျိုး ကန့်သတ် ပြဿနာ ရှာပါတယ်။ ပစ္စည်းလေး တစ်ထုတ် ပိုတင်ရုံ၊ အလေးချိန်လေး နည်းနည်း ပိုနေရုံနဲ့ ငွေ ထပ်တောင်းပါတယ်။ ခရီးသည်တွေ ဝန်စည်စလွယ် နည်းလေ သူတို့ ကုန်ပိုတင်ပြီး ငွေများများ ရလေ ဖြစ်မှာကြောင့်ပါ။ ဒီလိုနည်းနဲ့ အဝေးပြေး ဘတ်စ်ကားစီးတဲ့ ခရီးသည်တွေ စိတ်ကသိကအောက် ဖြစ်ခဲ့ရတာ နှစ်ပေါင်း ဆယ်နဲ့ချီ မကတော့ပါဘူး။ အိမ်နီးချင်း နိုင်ငံတွေနဲ့ နိုင်ငံတကာတွေမှာတော့ လူစီးဘတ်စ်ကားတွေမှာ ခရီးသည်တွေရဲ့ ဝန်စည်စလွယ်နဲ့ မဆိုင်တဲ့ ကုန်ပစ္စည်း တင်တာမျိုးကို အသေအချာ ကန့်သတ်ထားပါတယ်။ ဒါကြောင့် ခရီးသည်ဟာ သူ့ဝန်စည်စလွယ် ဘယ်လောက်ပါပါ အလွယ်တကူ တင်နိုင်ကြပါတယ်။ ဝန်စည်စလွယ် နည်းတယ်ဆိုရင် ဘတ်စ်ကား ကုန်တင်ဘောက်စ်ဟာ ခပ်ချောင်ချောင်လေးပါပဲ။

အခုဆိုရင် အဝေးပြေး လူစီး ဘတ်စ်ကားကို ကုန်တင်ကားလို ကုန်အများအပြား တင်ရင် အန္တရာယ်ရှိနိုင်တဲ့အကြောင်း ဆိုးရွားတဲ့ ယာဉ်တိမ်းမှောက်မှု တစ်ခုက သက်သေပြပြီးပါပြီ။ 

အစိုးရဘက်ကလည်း ကုန်တင်ချင်သူ လုပ်ငန်းရှင်တွေကို ကုန်တင်ယာဉ်တွေ တင်သွင်း ခွင့်၊ အဝေးပြေးလိုင်း ဆွဲမယ့်သူတွေကို ဘတ်စ်ကား တင်သွင်းခွင့် ခွင့်ပြုပေးထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် အဝေးပြေး ဘတ်စ်ကားလိုင်း ထောင်စားသူတွေကို ခရီးသည်လည်းတင်၊ အဲဒီ ယာဉ် ကိုပဲ ကုန်တင်ယာဉ်သဖွယ် အသုံးပြုနေတာကိုလည်း စစ်ဆေး ကန့်သတ်သင့်ပြီ ဖြစ်ပါတယ်။ ခရီးသည်တင် ဘတ်စ်ကားတွေကို ခရီးသည်တွေ စီးတာနဲ့ ဝန်စည်စလွယ် တင်ဆောင်တာ လောက်ပဲ ခွင့်ပြုသင့်ပြီး ခရီးသည်တွေ စိတ်ချမ်းသာအောင် ဝန်ဆောင်မှု ပေးသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags