ကျောက်ဆည်ဆင်ပွဲ ဒိုင်ကော်မတီကိုဒေသခံများ ဝေဖန်

ကျောက်ဆည်ဆင်ပွဲ ဒိုင်ကော်မတီကိုဒေသခံများ ဝေဖန်

နှစ်စဉ် သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့တွင် ကျင်းပသော ကျောက်ဆည် ဆင်ပွဲတော် ဆင်အကအလှပြိုင်ပွဲ၏ အကဲဖြတ် အမှတ်ပေးဒိုင်ကော်မတီကို (၂၀၁၇)ခုနှစ် သြဂုတ်(၂၉)ရက်က ဖွဲ့စည်းတာဝန်ပေးခဲ့ရာ ယင်းကော်မတီအပေါ် ဒေသခံများက ဝေဖန်လျက်ရှိကြောင်း သိရသည်။

'' ဆင်လှူပွဲတော် ဆင်အကအလှပြိုင်ပွဲရဲ့ အကဲဖြတ် အမှတ်ပေးဒိုင်ကော်မတီက ပြီးခဲ့တဲ့နှစ်က အုပ်ချုပ်ရေးပိုင်းက နည်းနည်း ဝင်လာတယ်၊ ဒီနှစ် အမှတ်ပေးဒိုင် တစ်ဝက်လောက်ကို ဝင်လာတယ်။ သမာသမတ်ကျတဲ့လူတွေ ရွေးခေါ်တာတော ဟုတ်ပါပြီ။ဒါပေမယ် အမှတ်ပေးဒိုင်ဆိုတာ ဆင်ပြိုင်ပွဲကို အမှတ်ပေးရတဲ့လူတွေ ပညာရှင်တွေပဲ ဖြစ်သင့်တယ်၊ အခုသူတို့ ဖွဲ့စည်းတာဝန်ပေးလိုက်တဲ့အပေါ် ပြိုင်ပွဲဝင်မယ့် လူတစ်ချို့ ဒီနှစ်မဝင်တော့ဘူးလို့ ကြားနေရတယ်၊ အမှတ်ပေးဒိုင်တွေကိုတော့ ပညာရှင်တွေပဲ ဖြစ်စေချင်တယ် '' ဟု ကျောက်ဆည်မြို့ခံ ရွှေဇင်မောင်ဆင်ပိုင်ရှင် ဦးစိုးရွှေက ပြောသည်။

ကျောက်ဆည် ဆင်လှူပွဲတော် ဆင်အကအလှပြိုင်ပွဲကို ဒိုင်အမှတ်(၁) (ဗဟိုမဏ္ဍပ်)၊ ဒိုင်အမှတ်(၂)၊ ဒိုင်အမှတ်(၃) စသည့်ဖြင့် ဒိုင်အမှတ်စဉ်တစ်ခုချင်းစီတွင် အုပ်ချုပ်ရေးပိုင်း၊ ဌာနဆိုင်ရာပိုင်းမှ လူတစ်ဝက်ကျော် ပါဝင်နေမှုကို ဒေသခံများနှင့်ပြိုင်ပွဲဝင်မည့်သူများက  ဝေဖန်ပြောဆိုနေကြခြင်းဖြစ်သည်။

'' ဒီနှစ် အကဲဖြတ် အမှတ်ပေးဒိုင်ကော်မတီဖွဲ့တဲ့ထဲ ပါတာ စာထွက်လာပြီးမှ သိရတာပါ၊ အမှတ်ပေးဒိုင်ထဲ အုပ်ချုပ်ရေးပိုင်း၊ ဌာနဆိုင်ရာပိုင်း ပါနေတယ်ဆိုပေမယ် သူတို့က ကြီးကြပ်ပေးဖို့ပါပဲ၊ အမှတ်ပေးနေစဉ် အကြောင်း တစ်စုံတစ်ခုဖြစ်ခဲ့ရင် ဖြေရှင်းပေးနိုင်ဖို့ ပါဝင်တာပါ၊ အမှတ်ပေးဒိုင်ထဲက ဒိုင်အကူ အဖွဲ့ဝင်တစ်ချို့ကလဲ အမှတ်ပေးအဖွဲ့က အမှတ်ပေးပြီးရင် အမှတ်တွေကို ဒိုင်ချုပ်ကို ပို့ပေးဖို့ ဆက်သားအဖြစ်နဲ့ ဖွဲ့စည်းပုံထဲ ထည့်ပေးထားတာပါ၊ သူတို့က အမှတ်ပေးတဲ့ထဲကို ပါမှာမဟုတ်ပါဘူး၊ ကြီးကြပ်ပေးယုံပါပဲ '' ဟု ကျောက်ဆည် ဆင်လှူပွဲတော် ဆင်အကအလှပြိုင်ပွဲ၏ ဒိုင်အမှတ်(၃)မှ ဦးကျော်သန်းက ပြောသည်။

(၂၀၁၆)ခုနှစ် ကျောက်ဆည် ဆင်လှူပွဲတော် ဆင်အကအလှပြိုင်ပွဲတွင် ရိုးရာဆင်(၁၇)စီး၊ ဘော်ကြယ်ဆင် (၆)စီး၊ ကလေးဆင် (၆)စီး စုစုပေါင်း (၂၉)စီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရိုးရာဆင်ပြိုင်ပွဲတွင် (၁၀)သိန်း၊ (၈)သိန်း၊ (၆)သိန်း၊ ဘော်ကြယ်ဆင်ပြိုင်ပွဲတွင် (၈)သိန်း၊ (၆)သိန်း၊ (၄)သိန်း၊ ကလေးဆင်ပြိုင်ပွဲတွင် (၆)သိန်း၊ (၄)သိန်း၊ (၂)သိန်း၊ ရိုးရာဆင်အထူးဆုပြိုင်ပွဲတွင် (၅)သိန်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required