တက်တူးက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်လဲ၊ ဘာတွေ သတိထားရမလဲ

တက်တူးက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်လဲ၊ ဘာတွေ သတိထားရမလဲ

ရေးသားသူ Poe Ei Win
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Kaung Thar.

တက်တူးက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်လဲ၊ ဘာတွေသတိထားရမလဲ

တက်တူးဆိုတာက ခန္ဓာကိုယ်ပေါ်မှာ မင်ရည်နဲ့အပ်ကို အသုံးပြုပြီး အရေပြားအလယ်လွှာထဲထိ ရောက်အောင် ထိုးသွင်းတဲ့ဖန်တီးမှုအနုပညာတစ်ရပ်ပါ။ တက်တူးထိုးတာက အခုခေတ်မှာ လူငယ်တွေအကြား ရေပန်စားလာနေတဲ့ ဝါသနာတစ်ခုလည်းဖြစ်ပါတယ်။ အလှအပပိုင်းမှာ အသုံးပြုနေတဲ့ Permanent makeup ဆိုတာကလည်း တက်တူးထိုးမှုတစ်ရပ်ပါပဲ။ မပျက်တဲ့မင်တွေကို မျက်လုံးလိုင်နာ(eye liner)၊ နှုတ်ခမ်းလိုင်နာ (lip liner)၊ မျက်ခုံးမွှေးဆွဲတံတွေနဲ့ အခြားအလှပြင်ပစ္စည်းတွေမှာပါ ထည့်သွင်းအသုံးပြုလာနေကြပါတယ်။

တက်တူးမင်တွေက ကိုယ်ခံအားစနစ်နဲ့ ရောဂါစစ်ဆေးမှုရလဒ်တွေအပေါ်မှာ သက်ရောက်မှုရှိသလို အခြားခန့်မှန်း ရခက်တဲ့ နောက်ဆက်တွဲရောဂါတွေကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။

အဆိပ်ဖြစ်တဲ့မင် – တက်တူးမင်အချို့မှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေပါတယ်။ တက်တူးထိုးရာမှာ အသုံးပြုနေတဲ့မင်ရည် ၅ မျိုးထဲက တစ်မျိုးမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုဗေဒပစ္စည်းတွေပါဝင်နေပါတယ်လို့ သြစတြေးလျအစိုးရက ထောက်ပံ့ပေးထားတဲ့   လေ့လာမှုတစ်ရပ်မှာဖော်ပြထားပါတယ်။ တက်တူးထိုးရာမှာ လူကြိုက်အများဆုံးအရောင်ဖြစ်တဲ့ အနက်ရောင်မင်မှာ ကင်ဆာဖြစ်စေနိုင်တဲ့ဓာတုပစ္စည်းက ၈၃ ရာခိုင်နှုန်း အထိပါဝင်နေပါတယ်။

တက်တူးမင်တွေက ရောဂါစစ်ဆေးမှုရလဒ်တွေကိုမှားယွင်းစေနိုင်တယ် – ဖြစ်တောင့်ဖြစ်ခဲဆိုပေမယ့် သတ္တုပေါ် မှာအခြေခံပြီး ထုတ်ထားတဲ့တက်တူးမင်တွေက ရောဂါစစ်ဆေးမှုရလဒ်တွေကိုမှားယွင်းတာမျိုးတွေဖြစ်စေနိုင်ပါ  တယ်။ ၂၀၁၅ ခုနှစ်ကဖြစ်ရပ်တစ်ခုမှာ ဆရာဝန်တွေကအမျိုးသမီးတစ်ဦးမှာ သားအိမ်ခေါင်းကင်ဆာဖြစ်နေပြီး ကင်ဆာဆဲလ်တွေက lymph node တွေထဲအထိပြန့်နှံ့နေပြီလို့ယူဆခဲ့ပါတယ်။ နောက်ဆုံးမှာသိရှိလိုက်တာက သူထိုးထားတဲ့ တက်တူးကမင်တွေရဲ့ ခန္ဓာကိုယ်တွင်းဓာတ်ပြုမှုကြောင့်ဆိုတာကိုသိခဲ့ရပါတယ်။

ကူးစက်ရောဂါတွေကူးစက်ခံရနိုင်ပါတယ် – တက်တူးထိုးတဲ့အခါ အရေပြားသန့်ရှင်းမှုမရှိတာကြောင့်နဲ့ တက်တူး ထိုးရာမှာသုံးတဲ့ကိရိယာတွေကသန့်ရှင်းမှုမရှိတာကြောင့် အရေပြားကနေတဆင့်ပိုးဝင်ရောက်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ တက်တူးထိုးတာကြောင့် ပြင်းထန်တဲ့အရေပြားကတဆင့်ပိုးကူးစက်ဝင်ရောက်တဲ့ရောဂါ ကိုခံစားရနိုင်သလို အသက်အန္တရာယ်ရှိတဲ့အထိတောင်ဖြစ်ပေါ်နိုင်ပါတယ်။

တက်တူးထိုးတာကြောင့် sarcoidosis ရောဂါ၊ lichen planis ရောဂါနဲ့ အခြားသောအရေပြားဝေဒနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒီဝေဒနာတွေကိုခံစားရတာအချိန်ကြာမြင့်လာတဲ့အခါ အရေပြားပေါ်မှာ အနာရွတ်တွေ စွဲကျန်ခဲ့ပါတယ်။

တက်တူးထိုးတာကနေတဆင့် အိတ်ချ်အိုင်ဗွီရောဂါကူးစက်ခံရနိုင်သလို အသည်းရောင်အသားဝါ စီ ပိုးလည်းကူးစက်ခံနိုင်ပါတယ်။ တက်တူးထိုးရာမှာသုံးတဲ့ အပ်ကနေတဆင့် အသည်းရောင်အသားဝါရောဂါပိုး    ကူးစက်ခံရနိုင်ခြေအရမ်းများပါတယ်။

တက်တူးမထိုးခင် ဘာတွေသိထားသင့်လဲ

တက်တူးထိုးဖို့ စဉ်းစားထားရင် ဒီအချက်လေးတွေသတိထားပေးပါ။

  • အရေပြားဓာတ်မတည့်မှုခံစားရသူတွေမှာ အနီရောင်မင်က အရေပြားဓာတ်မတည့်မှုကိုပိုဆိုးစေပါတယ်။
  • အဆစ်တွေပေါ်မှာ တက်တူးထိုးတာက အဆစ်တွေလှုပ်ရှားမှုကို ထိခိုက်စေနိုင်တာကြောင့် လက်ကောက်ဝတ်နဲ့ ခြေချင်းဝတ်တွေပေါ်မှာ တက်တူးမထိုးပါနဲ့။
  • အရေပြားကင်ဆာဖြစ်စေနိုင်တာကြောင့် အညိုရောင်မှဲ့တွေပေါ်မှာ တက်တူးထပ်ထိုးတာမျိုးမလုပ်ပါနဲ့။
  • သန့်ရှင်းရေးကို ဂရုစိုက်တဲ့ကျွမ်းကျင်တဲ့ tattoo artist ထံမှာပဲ တက်တူးထိုးပါ။ ခရီးသွားနေရင်း တက်တူးမထိုးပါနဲ့။ ပွဲတော်တစ်ခုမှာပါဝင်ဆင်နွှဲနေချိန်မျိုးမှာလည်း တက်တူးမထိုးပါနဲ့။
  • အသုံးပြုမယ့်မင်နဲ့ထုတ်လုပ်တဲ့ကုမ္ပဏီအကြောင်း အသေးစိတ်သေချာမေးမြန်းပါ။

တက်တူးမထိုးခင် ကြိုတင်သတိပြုသင့်တဲ့ အချက်လေးတွေ

  • ခွင့်ပြုချက်ရထားပြီး နာမည်ရှိတဲ့ဆီမှာပဲတက်တူးထိုးပါ။
  • အပ်တွေနဲ့တက်တူးထိုးရာမှာ သုံးတဲ့အရေပြားကို ဖောက်ထွင်းရတဲ့ပစ္စည်းတွေကို သူများသုံးပြီးသားတွေကို မသုံးခိုင်းပါနဲ့၊ အသစ်ဟုတ်၊ မဟုတ်သေချာကြည့်ပါ။
  • တက်တူးမထိုးခင်မှာ tattoo artist ကလက်ဆေးပြီး လက်အိတ်အသစ်လဲလှယ်ရဲ့လားဆိုတာ သေချာကြည့်ပါ။
  • တက်တူးအထိုးခံရမယ့်နေရာထိုင်ခင်းကလည်း သန့်ရှင်းရဲ့လားလေ့လာပါ။ သန့်ရှင်းမှုမရှိဘူးဆိုရင် မထိုးပါနဲ့။
  • တက်တူးမထိုးခင် အရေပြားပိုးမဝင်အောင် တက်တူးထိုးမယ်နေရာကို အရက်ပြန်နဲ့သုတ်ပြီး ပိုးသတ်ပေးပါ။
  • ထိုးပြီးစတက်တူးကို ပတ်တီးနဲ့ဖုံးအုပ်ထားပါ။

တက်တူးပိုးမဝင်အောင် ဘယ်လိုဂရုစိုက်မလဲ

  • ထိုးပြီးစတက်တူးကို ၂၄ နာရီကြာပတ်တီးနဲ့အုပ်ထားပါ။ ပတ်တီးဖယ်လိုက်တဲ့အခါ ပဋိဇီဝလိမ်းဆေး လိမ်းထားပေးပါ။
  • တက်တူးကိုဆပ်ပြာအပျော့စား၊ ရေတို့နဲ့ဆေးကြောပေးပြီးေ ခြောက်အောင် သုတ်ပေးပါ။
  • ထိုးပြီးစ တက်တူးပေါ်မှာ အပျော့စားအစိုဓာတ်ထိန်းခရင်မ်တစ်မျိုးမျိုးလိမ်းပေးပါ။
  • တက်တူးထိုးပြီးစ တစ်ပတ်အတွင်းတက်တူးကို နေရောင်နဲ့တိုက်ရိုက်မထိမိအောင်ထားပါ။
  • အနာကျက်ဖို့ ၂ ပတ်လောက်အချိန်ယူပါ။ အနာမကျက်ခင်တက်တူးကို ကိုင်တွယ်တာမျိုး မလုပ်ဘဲနေတာက အနာပိုးဝင်ခံရနိုင်ခြေကိုနည်းစေပါတယ်။

တက်တူးထိုးထားတဲ့ နေရာမှာနီမြန်းတာ၊ရောင်ရမ်းတာနဲ့ ဖျားနာတာ၊ပြည်တည်တာမျိုးတွေဖြစ်လာရင်ပဲဖြစ်ဖြစ် အနာကိုပိုးဝင်တယ်၊လို့ယူဆရင်ဖြစ်ဖြစ် ဆရာဝန်နဲ့ချက်ချင်းပြသပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly