ရှောင်လွဲမရသည့် လမ်းဘေးအစားအစာနှင့် ရှောင်လွှဲမရသည့် ဖော်မလင်

ရှောင်လွဲမရသည့် လမ်းဘေးအစားအစာနှင့် ရှောင်လွှဲမရသည့် ဖော်မလင်

ရန်ကုန်မြို့ပြမြင်ကွင်းက ညနေစောင်းမှ ပိုအသက်ဝင်တာမို့ ရန်ကုန်မြို့ ကမ်းနားလမ်းက ညဈေးတန်းရှိရာဖက် သို့ ခြေဦးလှည့်လိုက်ပါတယ်။ မြို့ပြရဲ့ ယဉ်ကျေးမှုလို့ ပြောလို့ရမယ့် Street Food တွေက  ကမ်းနားလမ်းဖက် မှာ စည်စည်ကားကားမို့ ဘာစားချင်လဲ၊ ကြိုက်တာ ရွေးချယ်လိုက်ရုံပါပဲ။

မုန့်တီ၊ မုန့်ဟင်းခါး၊ ငါးဖယ်၊ ပဲပြား၊ လက်သုပ်စုံ စတဲ့ အသုပ်တွေ၊ ဝက်သားတုတ်ထိုး၊ ငါးဖယ်၊ ပဲပြား၊ ပဲသွေးတုတ်ထိုးတွေ၊ ကိုရီးယားအသားလုံး အစရှိတဲ့ အကင်တွေ၊ ကိုရီးယားကင်ချီ၊ ဝက်သားပေါင်း၊ သစ်သီး၊ အအေးစုံ၊ ဒေသအစားအစာတွေ စုံစုံလင်လင် ရနိုင်ပါတယ်။

အခုချိန်မှာတော့ ဖော်မလင်ပါနိုင်တယ်လို့ သတိထားနေရတဲ့ ခေါက်ဆွဲဖတ်၊ ဗိုက်နာမှာစိုးရိမ်ရတဲ့ အချည်ရည် အနီတွေနဲ့ ၊ နောက် အချိုမှုန့်တွေ သုံးနေကြတဲ့ လက်သုပ်စုံ အများစုကို ကျွန်မတို့ ဘယ်လိုစိတ်နဲ့ စားရမလဲ။ စားနေကြမလဲ။

ကိုယ်မမြင်နိုင်တဲ့ အန္တရာယ်တွေ နေ့စဉ်အစားအသောက်ထဲ ပါနေမလားလို့ တွေးပြီး နေ့စဉ်စားသောက် နေရတာကို မျိုချနေရတာပါပဲ။ ကျွန်မတို့ မြို့ပြဘဝမှာ အလုပ်ဆင်း၊ အလုပ်တက် ကြုံတုန်းမှာ လွယ်လင့်တကူ ဝယ်စားနေကြရတာပါပဲ။

ရန်ကုန်မြို့ရဲ့ တစ်ချို့လမ်းဘေးဆိုင်တွေကတော့ အစားအစာတွေကို သပ်သပ်ရပ်ရပ်ရောင်းချတယ်လို့ ဆိုလာပါတယ်။ မြန်မာတွေ အများစုစားကြတဲ့ လက်သုပ်စုံတွေနယ်ဖတ်ရာမှာ လက်အိတ်အသုံးပြုတာတို့၊ မုန့်ဟင်းခါးဖတ်၊ ခေါက်ဆွဲဖတ်ကို နေ့မကူးဘဲ သုံးတာတို့၊ ယင်လုံကောင်တာတွေနဲ့ ထားတာတွေလည်း တွေ့ရပါတယ်။

“ အစားအသောက် သန့်ရှင်းမှုကတော့ ကိုယ့်ဟာကိုယ်ပဲ လုပ်ရတာပေါ့။ ညဈေးတန်းတွေကိုရွှေ့ဖို့ကတော့ မလုပ်ချင်ဘူးပေါ့။ တစ်နေရာကနေ တစ်နေရာကို။ ဒီနေရာကတော့ သိနေပြီလေ ” လို့ အထက် ပုဇွန်တောင်လမ်းမှ မုန့်ဟင်းခါးဆိုင်မှ ပြောပါတယ်။

ဒီလို နေ့စဉ်အစားအသောက်တွေမှာရော၊ အလွယ်တကူ ဝယ်ယူနိုင်ပြီး ဈေးသက်သာတဲ့ Street Food တွေမှာရော ပါဝင်တဲ့ အခြေခံစားသောက်ကုန်တွေကို ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် FDA က ရှောင်တခင် ဝင်ရောက် စစ်ဆေးပေးနေလို့ ဆိုပါတယ်။

“ကျွန်တော်တို့ကတော့ အမြဲစားနေရတာပါပဲ။ လမ်းဘေးထမင်းဆိုင်၊ လမ်းဘေးအသုပ်ဆိုင်ပေါ့။ တခါတလေ စိတ်မသန့်လည်း ကိုယ့်ဝင်ငွေနဲ့ တတ်နိုင်တာပဲ စားရတာပေါ့” လို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဒါပေမယ့် ဒီလို လမ်းဘေးအစားအစာတွေစားပြီး ဗိုက်နာဝမ်းပျက်တာမျိုး ရှိတတ်တယ်လို့ အဲဒီဝန်ထမ်းကပဲ ပြောပါသေးတယ်။

လမ်းဘေးအစားအသောက်တွေကို ရန်ကုန်မြို့နေရာအနှံ့မှာ တွေ့နိုင်ပြီး အများစုကတော့ ကမ်းနားလမ်း ညဈေးမှာ ရှိပါတယ်။ လမ်းဘေးမှာ လက်သုပ်စုံရောင်းတဲ့ ဈေးသည် ကိုအောင်ကတော့ အခုလိုပဲ ပြောပါတယ်။

“ ကျွန်တော်တို့ကတော့ လက်အိတ်အသုံးပြုရောင်းချနေတာပါပဲ။ လတ်တလောမှာကျွန်တော်တို့ကို သန့်ရှင်းရေးအတွက် သင်တန်းလာပေးတာတော့ မရှိသေးဘူး ။ ညဈေးတန်းရွှေ့ဖို့ရောင်းဖို့တော့ လာပြောထားပြီးပါပြီ” လို့ဆိုပါတယ်။

FDA ကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ YCDC နဲ့ ပူးပေါင်းပြီး မကြာသေးခင်ကမှ လမ်းဘေးညဈေးတန်းရှိ ဈေးသည်များအား အစားအသောက် သန့်ရှင်းရေး သင်တန်းပေးခဲ့တယ်လို့ သိရပါတယ်။

"လောလောဆယ်တော့ ဒီလမ်းဘေးဈေးသည်ပေ့ါနော် ။ ရန်ကုန်မြို့အနေနဲ့ပြောရင် YCDC က ဦးဆောင်ပြီး လုပ်နေပါတယ် ။ နိုင်ငံတကာအဆင့်မီ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဟောကန်စင်တာဆိုပြီး ရန်ကုန်မြို့မှာ လုပ်ဖို့ရှိပါတယ်။ ပထမအဆင့်အနေနဲ့ ကမ်းနားလမ်းတွေမှာချထားပြီးတော့ နေရာအခက်အခဲတွေအနေနဲ့ ထပ်ရွေ့ဖို့ရှိပါတယ် ။ အဲဒီမှာ အစားအသောက် ရောင်းချသူအားလုံးကို သင်တန်းခေါ်ပေးပါတယ်။ မအောင်မြင်သေးပါဘူး"ဟု ရန်ကုန်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်စောလှ က ပြောသည်။

ဈေးသည်တွေကို  FDA မှ တစ်ရက်လျှင် ၂ နာရီနှုန်းဖြင့် တစ်ပတ် အခမဲ့ခေါ်ယူသင်ကြားပေးခြင်းဖြစ်ပါတယ်။  

"အဲဒီမှာချထားတဲ့ဈေးသည်တွေအားလုံးက ပထမပိုင်းမှာတော့ လာတက်ကြတယ် ။ နောက်ပိုင်းကျတော့ သူတို့ရဲ့ဈေးရောင်းချိန်ကို အနှောက်အယှက်ဖြစ်ကြတယ်ဆိုပြီး မတက်ဘဲနေတော့ ဆရာမတို့အနေနဲ့ ယာယီနားထားရတယ်"ဟု FDA ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်စောလှက ပြောပါတယ်။

နောက်ပိုင်းတွင် အစားအသောက် ရောင်းချမည့်ဈေးဆိုင်များအနေဖြင့် အစားအသောက်သန့်ရှင်းရေး မသိမနေရ လက်မှတ်ရရှိထားမှ ရောင်းချနိုင်မယ်ဆိုတဲ့ပုံစံမျိုး ဖြစ်စေရန် လိုအပ်တဲ့အချက်တွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်နေပါတယ်လို့ FDA မှ သိရပါတယ်။

Street Food တွေအပြင် လက်ရှိတွင် မြန်မာစားသုံးသူတွေ ဈေးကွက်ထဲမှာ ရင်ဆိုင်ရတဲ့ ပြသနာတွေ ရှိနေပါတယ်။ ဆိုးဆေးပါ အစားအသောက်များ အကြောင်း၊ စပ်ဆေးနှင့် ဆေးဝါးများအကြောင်း၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေးတွေအပါအဝင် ငါးပိများတွင် ဆိုးဆေးပါဝင်ခြင်း၊ ပဲပြား၊ ခေါက်ဆွဲ၊ မုန့်ဖတ်တို့တွင် ဖော်မလင်ပါဝင်မှုတွေ့ရှိရခြင်း၊ ခွင့်ပြုဆိုးဆေးသုံးသော်လည်း သုံးရမည့် ပမာဏထက် ပိုသုံးထားသည့် ခွင့်ပြုပိုလျှံ ဆေးပါဝင်သည့် မုန့်များ၊ နေ့စဉ်အစားအသောက်ထဲတွင် မပါမဖြစ် ငရုတ်သီးခြောက်တွင် မှိုဆိပ် (Aflatoxin B) ပါဝင်မှုတွေ အစရှိတဲ့ အန္တရာယ်တွေနဲ့ နေ့စဉ် ရင်ဆိုင်နေရပါတယ်။

အဲဒီထဲကမှ Street Food တွေထဲမှာ အများဆုံးသုံးတဲ့ မုန့်ဟင်းခါးဖတ်၊ ခေါက်ဆွဲ၊ အသုပ် သုပ်ရာမှာ အဆာပလာအဖြစ်သုံးတဲ့ ပဲသွေး၊ ပဲပြားတွေမှာပါ ဖော်မလင်တွေ တွေ့ရှိနေရတာပါပဲ။

“ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမှာ စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာနတွေကနေပြီး စားသောက်ဆိုင်တွေ၊ ဈေးတွေ၊ လမ်းဘေးအစားအစာတွေကို တာဝန်ခံပြီး စီစစ်ပေးနေပါတယ်။ ဆရာမတို့ကလည်း သူတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။ ဥပမာ ပဲသွေးပေါ့။ ပဲသွေးနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ မုန့်ဟင်းခါးဖတ်၊ ပဲပြားတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ကျန်းမာရေးဌာနကနေပြီးတော့ လက်တွဲဆောင်ရွက်နေပါတယ်” လို့ ရန်ကုန် FDA မှ ဒေါ်ခင်စောလှက ပြောပါတယ်။

၂၀၁၅ ခုနှစ်က စတင်ပြီးတော့ ဖော်မလင်ပါဝင်သော ပဲပြားကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပဲပြားက နေ့စဉ် အစားအသောက်မှာရော၊ လမ်းဘေးအစားအစာတွေမှာရော မပါမဖြစ် အစားအစာတစ်ခု ဖြစ်ပါတယ်။ ပဲပြားသာမက အများစု စားသုံးတဲ့ မုန့်ဟင်းခါးဖတ်တွေမှာပါ တွေ့ရှိခဲ့ရတာကြောင့် အစိုးရမှ ၂၀၁၆ ခုနှစ်မှစတင်ပြီး ဖော်မလင်ကင်းစင်ရေး စီမံချက် စတင်ခဲ့ပါတယ်။ စီမံချက်အတွင်းမှာ အသုပ် သုပ်ရာမှာ ၊ ဟင်းချက်ရာမှာ သုံးတဲ့ ပဲသွေးမှာပါ ဖော်မလင်တွေ့ရှိခဲ့ပြီး ပဲသွေးကတော့ ၉၅ ရာခိုင်နှုန်းထိ ဖော်မလင်ပါဝင်မှု တွေ့ရှိခဲ့ရပါတယ်။

“ ဖော်မလင် ပါ မပါ ကို တစ်ခါထဲ စစ်တယ် ။ တွေ့တဲ့ဆိုရင် ကုန်ပစ္စည်းဟာ အများပြည်သူစားသုံးဖို့ လုံးဝမသင့်တော်တဲ့ ပစ္စည်းဖြစ်တဲ့ဆိုတော့ တစ်ခါတည်းသိမ်းတယ်။ ရောင်းတဲ့ဆိုင်ကို ဘယ်က ဝယ်တာလဲ မေးတယ်။ အများစုက သူတို့လုပ်တာမဟုတ်ဘူး။  တချို့က အချက်အလက်ပြောချင်တဲ့ တချို့ကမပြောချင်ဘူး။ သူတို့မှာ တာဝန်ရှိတဲ့၊ထုတ်လုပ်တဲ့နေရာ လက်ကားဖြန့်တဲ့နေရာကို ချက်ခြင်းလိုက်တယ် အဲဒီမှာပဲလိုအပ်ရင် လုပ်ငန်းကိုပိတ်သိမ်းဖို့ သက်ဆိုင်ရာဌာနဆိုင်ရာနဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးတာဝန်ခံဒေါက်တာပြည့်ဖြိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက FDA က တိုင်းနှင့်ပြည်နယ်တွေမှာ စစ်ဆေးမှုတွေ ပြုလုပ်ရာတွင် မကွေးတိုင်း အတွင်း ဆိုးဆေးပါသော ငါးပိများ ဝင်ရောက်မှု တွေ့ရှိရခြင်း၊ ရန်ကုန်နှင့် မန္တလေး၊ ပုသိမ်တို့မှာ ဖော်မလင် ပါဝင်သော ပဲသွေးများ တွေ့ရှိခဲ့ရပါတယ်။

ဖော်မလင်ဟာ တာရှည်ခံစေရန် အသုံးပြုသော ဓာတုပစ္စည်းဖြစ်ပြီး CH₂O မှ ထုတ်လုပ်ထားခြင်း ဖြစ်ကာ လူများ စားသုံးမိပါက လူ့ခန္ဓာကိုယ်တွင်းကို ဒုက္ခပေးနိုင်သည်။ ဖော်မလင်က ကြည်လင်ပြီး အရောင်မရှိတာ ကြောင့် ခွဲခြားနိုင်ရန် ခက်ခဲသလို အစားအသောက်၊ အသားငါး၊ သစ်သီး၊ နို့ထွက်ပစ္စည်းများတွင် အသုံးပြုမှု အများဆုံးတွေ့ရပါတယ်။

ဒါကို FDA အနေနဲ့ ဖြေရှင်းဆောင်ရွက်အရေးယူဖို့ ကြိုးစားနေပါတယ်။

 “ လုပ်ငန်းပင်ရင်းတွေ သိတယ်။ လိုက်သွားတယ်။ ကိုယ်လိုက်တဲ့ ဈေးမှာ ပျောက်သွားပြီး ကိုယ်မလိုက်တဲ့ ဈေးမှာ ဆက်ရောင်းနေတယ်။ ရန်ကုန်တိုင်းမှာ ကိုကိုးကျွန်းကို ဖယ်လိုက်ရင် ၄၄ မြို့နယ် ရှိတယ်။ ဈေးပေါင်း ၁၈၀ ရှိတယ်။  ဈေးပေါင်း ၁၈၀ ကို တပြိုင်တက်တည်း မသွားနိုင်တဲ့အခါမှာ သူတို့တွေက မရောက်တဲ့နေရာမှာ ဆက်ရောင်းနေတယ်” ဟု ဒေါက်တာ ဒေါ်ခင်စောလှက ပြောပါတယ်။

ဇူလိုင်လ ၁၂ ရက်က အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေဦးစီးဌာနခွဲ-ရန်ကုန်ရုံးမှ သီရိမင်္ဂလာဈေးရှိ ပဲသွေး၊ ပဲပြားနမူနာများကို  ညဘက်တွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ စားသုံးရန်မသင့်သည့် Formalin ဓာတ်ပါဝင်သည့် ပဲသွေး ၇၀၀၀ ခန့်ကို သိမ်းဆည်းရမိခဲ့ပြီး ဖျက်ဆီးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ FDA အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးနှင့် နေပြည်တော် FDA တို့ကို တင်ပြခဲ့ပြီး ရန်ကုန်တိုင်းအစိုးရမှ ဇူလိုင်လ ၂၈ ရက် နေ့စဉ်သတင်းစာတွေမှာ ဖော်မလင်မသုံးမပြုဖို့ ကြေညာခဲ့ပါတယ်။

“ လုပ်ငန်းရှင် ၁၀၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှာ ခေါ်ယူပြီး တွေ့လို့ရှိရင် ရောင်းတဲ့သူရော ထုတ်လုပ်တဲ့သူမှာ ဖော်မလင်ထည့်တဲ့သူက အရေးယူခံရမယ်။ ရောင်းတဲ့လူက သူ မထည့်ဘူးဆိုရင်တောင်မှ ပဏာမ ခေါ်ယူစစ်ဆေးတာကို ခံယူရပါမယ်ဆိုပြီး သတိပေးခဲ့ပါတယ်” FDA မှ ဒေါက်တာ ဒေါ်ခင်စောလှက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly