UAB ဘဏ်က ယခုနှစ်အတွင်း VISA အကြွေးကဒ်တစ်သောင်းခွဲ ထုတ်မည်

UAB ဘဏ်က ယခုနှစ်အတွင်း VISA အကြွေးကဒ်တစ်သောင်းခွဲ ထုတ်မည်
ဓာတ်ပုံ-သက်ကို
 

အမေရိကန်အခြေစိုက် VISA ကုမ္ပဏီနှင့် ပူးပေါင်းထုတ်လုပ်သည့် အကြွေးကဒ်များကို UAB ဘဏ်က ယခုနှစ်အတွင်း ကဒ်အရေအတွက် တစ်သောင်းခွဲ အထိထုတ်ဝေရန် မျှော်မှန်းထားကြောင်း ယင်းဘဏ်၏ ဒုတိယ အမှုဆောင်အရာရှိချုပ် ဒေါ်ကျော့ကေခိုင်က ပြောကြားသည်။

အကြွေးစနစ်ဖြင့် အသုံးပြုနိုင်မည့် UAB Visa Credit ကဒ်များကို စက်တင်ဘာလ ၁၂ ရက်နေ့က စတင်မိတ်ဆက်ခဲ့ပြီး အကြွေးကဒ်စနစ်မှာ ယခုနှစ်အတွင်း UAB ဘဏ်အတွက် ယခုနှစ်အတွင်း အဓိက ဦးစားပေးလုပ်ငန်း တစ်ခုဖြစ်ကြောင်းလည်း သူမက ပြောဆိုခဲ့သည်။

“နောက်ထပ်ကဒ်တွေ ထပ်ထုတ်ဖို့တွေရှိတယ်။ Visa က First Step(ပထမအဆင့်)ပေါ့နော်။ နောက်ထပ် လည်း ထပ်လုပ်ဖို့ရှိပါတယ် ”ဟု ဒုတိယ အမှုဆောင်အရာရှိချုပ် ဒေါ်ကျော့ကေခိုင်က ရှင်းပြသည်။

UAB ဘဏ်က VISA အကြွေးကဒ်များကို Classic ၊ Gold နှင့် Platinum ကဒ်ဟူ၍ ထုတ်ဝေမည်ဖြစ်ပြီး လစဉ် ဝင်ငွေသုံးသိန်းနှင့် အထက်ရှိသူတိုင်းလျှောက်ထားနိုင်ကာ ကဒ်အမျိုးအစားပေါ်မူတည်၍ လစာ၏နှစ်ဆအထိ အကြွေးပမာဏရရှိမည်ဖြစ်ကြောင်း UAB ဘဏ်က ထုတ်ပြန်ထားသည်။

ယင်းကတ်များကို နိုင်ငံပေါင်း ၂၀၀ ကျော်ရှိ စားသောက်ဆိုင်၊ ဟိုတယ်၊ ဈေးဆိုင်နှင့် ဆေးရုံများ အပါအဝင် လုပ်ငန်းပေါင် ၄၄ သန်းခန့်တွင် အသုံးပြုပေးချေနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း၊ပြည်ပ အသုံးပြုနိုင်မည့် အကြွေးကဒ်များကို Master Card၊ JCB နှင့် UPI အစရှိသည့် ပြည်ပလုပ်ငန်းများက ပြည်တွင်းဘဏ်များနှင့် ပူးပေါင်းထုတ်လုပ်လျက်ရှိသည်။

အမေရိကန် အခြေစိုက် VISA ကုမ္ပဏီကမူ ပြည်တွင်းတွင် UAB ဘဏ်အပြင် ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ် နှင့် ဧရာဝတီဘဏ်တို့နှင့်လည်းပူးပေါင်း၍ ကဒ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required