ကုလကိုယ်စားလှယ် မစ္စယန်ဟီလီ၏ ခရီးစဉ်အပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်

ကုလကိုယ်စားလှယ် မစ္စယန်ဟီလီ၏ ခရီးစဉ်အပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်

ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေများကို ကုလသမဂ္ဂသို့တင်သွင်းရမည့် အထူးကိုယ်စားလှယ် ဖြစ်သူ မစ္စရန်ဟီလီ ၏ မြန်မာခရီးစဉ်အပြီး ၅ ရက်အကြာ၌ သြဂုတ်လ ၁၂ ရက်စွဲဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက် တစ်စောင် ပြုလုပ်ခဲ့သည်။

အထူးကိုယ်စားလှယ်၏ "မတူညီသောအမြင်များကိုသိရှိနိုင်ရန် ကြိုးပမ်းအားထုတ်မှု" အတွက် အားရကျေနပ်သော်လည်း ခရီးစဉ်အပြီး ပြောကြားချက်များတွင် "အမှန်တရားနှင့် အချက်အလက်များထက် စွပ်စွဲချက်များနှင့် မှန်းဆပြောကြားချက် များ" ကျယ်ပြန့်စွာပါဝင်နေသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ကြောင့် သတင်းရင်းမြစ်များကို မတူညီသောနေရာများမှ ပိုမိုပြည့်စုံစွာရရှိရေး ဆောင်ရွက်ရန်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

ကုလအထူးကိုယ်စားလှယ်က ခရီးစဉ်နောက်ဆုံးနေ့ သြဂုတ် ၇ ရက်က ပြောဆိုထုတ်ပြန်ရာတွင် ရခိုင်ပြည်နယ်သို့ သွားရောက်ရန် ငြင်းပယ်ခံခဲ့ရသည်ဟု ထည့်သွင်းထားသည်။ 

ထို့ပြင် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များကို "ရိုဟင်ဂျာ" များဟု သုံးနှုန်းခဲ့ပြီး ၎င်းတို့၏ ခရီးသွားလာရေးကို တင်းကျပ်ထားခြင်းသာမက ကျန်းမာရေးနှင့် ပညာရေးအခွင့်အရေးများလည်း ခက်ခဲနေသည်ဟု ဆိုသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနကမူ "သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာခြင်း ခံရသည့် ဒေသများတွင်ပါဝင်သည့် ပြည်နယ်တစ်ခုသို့ ရာသီဥတုဆိုးရွားနေသဖြင့် သွားရောက် နိုင်ခဲ့ခြင်းမရှိပါ" ဟု ဖော်ပြသည်။

"ရိုဟင်ဂျာ" ဟူသော အသုံးအနှုန်းကိုလည်း "ဖန်တီးတီထွင်ထားသည့်အသုံးအနှုန်း" ဟု သတ်မှတ်ပြီး ဆက်လက် ပယ်ချလိုက်သည်။ ထို့ပြင် မြန်မာနိုင်ငံသားဖြစ်လိုသူများသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားလျှောက်ထားနိုင်ပြီး ကန့်သတ်တားမြစ်ခြင်းများမရှိဟု ဆိုသည်။

အထူးကိုယ်စားလှယ်ဖြစ်သူ မစ္စရန်ဟီလီက ဆန္ဒပြသူများအဖမ်းခံရခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသည်ဟုပြောဆိုပြီး အများစုက အစိုးရကိုဆန့်ကျင်နေခြင်း မဟုတ်ပဲ တိုင်းပြည်အတွက် အပြုသဘောဆောင်ပြောင်းလဲမှုများကို ဖြစ်စေလိုကြသူများဖြစ်သူဟု သိရကြောင်း ဖော်ပြခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ခေတ်သစ်မြန်မာနိုင်ငံ၏ အထင်ရှားဆုံး တိုးတက်မှုများထဲတွင် လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လွတ်လပ်ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် အသင်းအဖွဲ့ဖွဲ့စည်းခွင့်တို့ ပါဝင်ပြီး ယင်းအခွင့်အရေးများကို ငြိမ်းချမ်းစွာကျင့်သုံးရုံမျှဖြင့် မည်သူမျှ ဖမ်းဆီးခံရခြင်း တရားစွဲဆိုခံရခြင်း မရှိပါဟု ငြင်းဆိုထားသည်။

နောက်ဆုံးအနေဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံစာတင်သွင်းရမည့် အထူးကိုယ်စားလှယ်အနေဖြင့် အနာဂတ်တွင် ခွဲခြားရွေးချယ်မှုနှင့် ဘက်လိုက်မှုမရှိဘဲ မျှတသော အစီရင်ခံစာတစ်စောင်ရေးသားလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။

မစ္စရန်ဟီလီ၏ ယခုတစ်ကြိမ် ခရီးစဉ်သည် သုံးကြိမ်မြောက်ဖြစ်ပြီး ၂၀၁၄ ခု ဇူလိုင်တွင် ပထမဆုံးအကြိမ်၊ ၂၀၁၅ ခု ဇန်နာဝါရီ၌ ဒုတိယအကြိမ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဖြစ်သည်။

ကိုရီးယားနိုင်ငံသား မစ္စရန်ဟီလီသည် တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီး ၎င်း၏ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့် ကျွမ်းကျင်မှုကို နိုင်ငံအတွင်းသာမက ဒေသတွင်းနှင့် နိုင်ငံတကာ၌ပါ အသိအမှတ်ပြုကြသည်။

မစ္စရန်ဟီလီသည် ငါးဦးမြောက် ကိုယ်စားလှယ်ဖြစ်ပြီး ပထမဆုံးခန့်အပ်ခံရသူမှာ ဂျပန်နိုင်ငံသား မစ္စတာ ယိုဇိုယိုကိုတို ဖြစ်သည်။ ထို့နောက်  မောရိရှပ်နိုင်ငံသား မစ္စတာရာချ် စိုးမားလာလား၊ ဘာရာဇီးနိုင်ငံသား မစ္စတာ ပေါ်လို ဆာဂျီရို ပင်ညဲရိုး နှင့် အာဂျင်တီးနားနိုင်ငံသား မစ္စတာ သောမတ် အိုဂျေး ကင်တားနားတို့ဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly