ဗီယက်နမ်ကို မဖြစ် ဖြစ်သည့်နည်းဖြင့် အနိုင်ရအောင်ကစားမည်ဟု မြန်မာယူ-၁၈ နည်းပြ ဘန်လာဘီ ပြော

ဗီယက်နမ်ကို မဖြစ် ဖြစ်သည့်နည်းဖြင့် အနိုင်ရအောင်ကစားမည်ဟု မြန်မာယူ-၁၈ နည်းပြ ဘန်လာဘီ ပြော

စက်တင်ဘာ ၁၁၊ ရန်ကုန် ။          ။ မြန်မာယူ-၁၈ အသင်းက ဖိလစ်ပိုင်ယူ-၁၈ အသင်းကို ၇-၀ ဂိုးဖြင့် အနိုင်ရပြီးနောက်တွင် မြန်မာယူ-၁၈ နည်းပြ ဘန်လာဘီက အုပ်စုတက်ရေးအဆုံးအဖြတ် ပွဲစဉ်ဖြစ်သည့် ဗီယက်နမ်နှင့်ပွဲကို မဖြစ်ဖြစ်သည့်နည်းဖြင့် အနိုင်ကစားမည်ဟု ပြောဆိုသွားခဲ့သည်။

မြန်မာအသင်းသည် ယနေ့ ဖိလစ်ပိုင်နှင့်ပွဲတွင် ပထမပိုင်း၌ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ ဒုတိယပိုင်းရောက်မှ ၇ ဂိုးအထိ သွင်းနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးများကို တိုက်စစ်မှူး ဝင်းနိုင်ထွန်းက ၃ ဂိုး၊ ကွင်းလယ်လူမြတ်ကောင်းခန့်က ၃ ဂိုး၊ လူစားဝင်တိုက်စစ်မှူး ပြည့်စုံနိုင်က ၁ ဂိုးသွင်းယူပေးခဲ့သည်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲ၌ မြန်မာနည်းပြဘန်လာဘီက "ပထမပိုင်းမှာ ၃-၄-၃ ကစားကွက်နဲ့ကစားခဲ့ပါတယ်။ ဒါပေမဲ့ ကွင်းလယ်က နံပါတ် ၆ နဲ့ နံပါတ် ၁၇ က ခံစစ်ကနေ တိုက်စစ်အကူးအပြောင်းကစားတဲ့နေရာမှာ နှေးနေလို့ ဂိုးရဖို့ ခက်နေခဲ့ရပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်အသင်းကလည်း ခံစစ်မှာ ၈ ယောက်၊ ၉ ယောက်လို့ ပိတ်ကစားနေလို့ ဂိုးရဖို့ ပိုခက်သွားပါတယ်။ ဒုတိယပိုင်းမှာတော့ ၄-၃-၃ ကစားကွက်ကို ပြောင်းခဲ့ပါတယ်။ ကစားကွက်ပြောင်းလိုက်လို့ ဂိုးတွေရခဲ့တာပါ။

ဗီယက်နမ်နဲ့ပွဲမှာ ဘယ်လိုကစားမလဲဆိုတာတော့ စဉ်းစားပြီးသွားပါပြီ။ အခုတော့ ထုတ်ပြောမှာ မဟုတ်ပါဘူး။ ဗီယက်နမ်နဲ့ပွဲက အနိုင်ရမှ ဖြစ်မှာမို့ မဖြစ်ဖြစ်တဲ့နည်းနဲ့အနိုင်ရအောင်ကစားသွားမှာပါ" ဟု ပြောဆိုသွားခဲ့သည်။

၃ ပွဲကစားပြီးချိန်တွင် ဗီယက်နမ်က ၉ မှတ်၊ မြန်မာနဲ့ အင်ဒိုနီးရှားတို့က ၆ မှတ်စီရရှိထားကြသည်။ စက်တင်ဘာ ၁၃ ရက်နေ့တွင် ကစားမည့်အုပ်စုနောက်ဆုံးပွဲတွင် အင်ဒိုနီးရှားက ဘရူနိုင်းနှင့်ကစားရမည်ဖြစ်ပြီး မြန်မာနှင့်ဗီယက်နမ်တို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ပြိုင်ပွဲစည်းမျဉ်းမှာ ရမှတ်၊ ဂိုးကွာခြားချက်၊ ရဂိုး၊ ပေးဂိုး၊ ထိပ်တိုက်တွေ့ဆုံမှုရလဒ် အဆင့်ဆင့်ဆုံးဖြတ်ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာအသင်းသည် ဗီယက်နမ်အသင်းကို မဖြစ်မနေ အနိုင်ရရန် လိုအပ်နေသည်။ မြန်မာနှင့်ဗီယက်နမ်တို့၏ပွဲကို စက်တင်ဘာလ ၁၃ ရက်နေ့၊ ညနေ ၆ နာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly