မြန်မာ့ဒီမိုကရေစီ ရက်သတ္တပတ် ရုပ်ရှင်ပွဲတော်တွင် ကြည့်ရှုရမည့် သရာစောထိ ရုပ်ရှင်

.

ရန်ကုန် ၊ စက်တင်ဘာ ၁၁။           ။ မြန်မာ့ဒီမိုကရေစီ ရက်သတ္တပတ် ရုပ်ရှင်ပွဲတော် အတွက် ရည်ရွယ် ရိုက်ကူးထားသည့် သရာစောထိ ရုပ်ရှင် ဇာတ်ကားကို စက်တင်ဘာ ၁၅ ရက်မှ ၂၁ ရက် အထိ မြန်မာတစ်နိုင်ငံလုံးရှိ အဆင်မြင့် ရုပ်ရှင်ရုံများတွင် ပြသသွားမည် ဖြစ်သည်။

သရာစောထိ ရုပ်ရှင်ဇာတ်ကားသည် ဇာတ်လမ်း ဇာတ်ညွှန်း မောင်သူရ ဖြစ်ပြီး ဒါရိုက်တာ စံရွှေမောင် (အောင်လွင်) ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကား ဖြစ်ကာ သရုပ်ဆောင်များအဖြစ် ထွန်းထွန်း ၊ ယုသန္တာတင် ၊ ယဉ်လက် ၊ ကိုပြည့် နှင့် တခြား သရုပ်ဆောင်များစွာတို့က ပါဝင် သရုပ်ဆောင် ထားကြသည်။

ထိုရုပ်ရှင်ဇာတ်ကားသည် ကရင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှု အားနည်းသည့် ရွာလေးတစ်ရွာကို အခြေတည် ရိုက်ကူးထားပြီး နယ်မြေမအေးချမ်းမှု ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများ ၊ နယ်မြို့များ၏ ပညာရေး ၊ ကျန်းမာရေး ချို့တဲ့နေမှုများကို သရာစောထိ ရုပ်ရှင်ဇာတ်ကားထဲတွင် တွေ့မြင်ရမည် ဖြစ်သည်။

ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သည့် တေးသီချင်း ဖန်တီးမှုကို တေးရေး လင်းထက်က တာဝန်ယူ ဖန်တီးထားခြင်း ဖြစ်ပြီး တေးသီချင်းကို အဆိုတော်များအဖြစ် ထွန်းထွန်း ၊ နင်ဇီမေ နှင့် ကလေးအဆိုရှင် များမှ ပါဝင် သီဆို ထား ကြသည်။

အဓိက ဇာတ်ကောင် ဖြစ်သည့် သရာစောထိ အဖြစ် သရုပ်ဆောင် ထွန်းထွန်း မှ သရုပ်ဆောင် ထားသလို ၊ သရာစောထိ ၏ သူငယ်ချင်း နော်ရှားအဖြစ် ယုသန္တာတင် ၊ သရာစောထိ ၊ နော်ရှားတို့၏ သူငယ်ချင်း ဖြစ်သူ စောတန်ခူး အဖြစ် သရုပ်ဆောင် ကိုပြည့် ၊ သရာစောထိ ၏ တပည့် နော်ပဲလှော် အဖြစ် ယဉ်လက်တို့က သရုပ်ဆောင်ထားသည်။

သရာစောထိ ရုပ်ရှင်ဇာတ်ကားကို ကရင်ပြည်နယ် ရှိ လိပ်သို ၊ သံတောင် ၊ နော်ဘူဘောတောင် အစရှိသည့် နေရာများတွင် သွားရောက် ရိုက်ကူးထားခြင်းဖြစ်ပြီး ထိုနေရာများ၏ သဘာဝ တောတောင် ရှုခင်းများကိုလည်း ကြည့်ရှုခံစားရမည် ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီ ရက်သတ္တပတ် ရုပ်ရှင်ပွဲတော် ကို စက်တင်ဘာ ၁၅ရက်မှ ၂၁ရက် အထိ ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ထိုပွဲတော် အတွက် ရည်ရွယ်ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကားများကို မြန်မာတစ်နိုင်ငံလုံးရှိ အဆင်မြင့် ရုပ်ရှင်ရုံများတွင် ပြသသွားမည် ဖြစ်သည်။