ဒဂုံမြောက်ရှိ အကြီးဆုံးရေထိန်းတံခါး ကျိုးပဲ့မှု ၂ရက်အတွင်း ပြန်ပြင်ပြီး

ဒဂုံမြောက်ရှိ အကြီးဆုံးရေထိန်းတံခါး ကျိုးပဲ့မှု ၂ရက်အတွင်း ပြန်ပြင်ပြီး
Photo ပြည့်ဖြိုးလင်း

ရန်ကုန်၊စက်တင်ဘာ၁၁ ။          ။ ကျိုးပဲ့ခဲ့သည့် မြောက်ဒဂုံမြို့နယ်ရှိ အကြီးဆုံးရေထိန်းတံခါးကို  အချိန်၂ရက်အတွင်းပြင်ဆင်နိုင်ခဲ့ပြီး  ကျန်ရှိသည့်ကြံ့ခိုင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသည်ဟု မြောက်ဒဂုံမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးတင်ထွန်းနိုင်က ပြောသည်။

"အခုကျွန်တော်တို့ပြီးတယ်ဆိုတဲ့အနေအထားက အကုန်လုံးအလုံးစုံပြီးသွားသေးတာ မဟုတ်ဘူးပေါ့နော်။ ဒီနေ့အထိလည်း ဆောင်ရွက်နေတုန်းပါဘဲ။ ဆက်သွားလမ်းတွေ မြေကြီးဖို့တဲ့နေရာတွေဖို့တယ်။ ပိတ်သင့်တဲ့နေရာတွေပိတ်တယ်။ သဲအိတ်ချသင့်တဲ့နေရာချတယ်။ မြောတိုင်ရိုက်သင့်တဲ့နေရာရိုက်တယ်။ ကျန်တဲ့လုပ်ငန်းစဉ်တွေ ဆက်လုပ်နေတုန်းပါပဲ"ဟု ဦးတင်ထွန်းနိုင်က ဆိုသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ် (၂၇)ရပ်ကွက်၊ ပင်လုံအိမ်ရာ ရေတံခါး အမှတ်(၆)မြေသားတာ ဘောင်သည် စက်တင်ဘာလ ၈ရက်နေ့ ညနေ ၄နာရီခန့်တွင် ကျိုးပဲ့ပျက်စီးခဲ့ပြီး အနီးရှိပင်လုံအိမ်ရာအတွင်းသို့ ရေများဝင်ရောက်ခဲ့သည်။

၎င်းနောက် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများလာရောက်စစ်ဆေးခဲ့ပြီး ပြင်ဆင်ခဲ့ရာ စက်တင်ဘာလ၁၀ရက်နေ့ ညနေ၆နာရီအချိန်တွင် စိတ်ချရသောအခြေအနေသို့ ပြင်ဆင်ပြီးစီးခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အင်ဂျင်နီယာဦးအောင်စိုးက အတည်ပြုပြောကြားခဲ့သည်။

ယခုကျိုးပဲ့သွားခဲ့သည့်ရေတံခါးမှာ မြောက်ဒဂုံမြို့နယ်ရှိရေတံခါးများတွင်အကြီးဆုံးဖြစ်ပြီး အပေါင်ရှစ်ပေါက်ပါဝင်သည်။

အဆိုပါရေထိမ်းတံခါး၏ ရေနုတ်မြောင်းသည် ငမိုးရိပ်ချောင်းနှင့်လည်း ဆက်သွယ်ထားသည်။

၁၉၉၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည့် မြေသားတမံအမျိုးအစား ငမိုးရိပ်ရေလှောင်တမံသည် လှည်းကူးမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်းနှင့် ဒဂုံမြို့သစ် မြို့နယ်များအားလုံးနှင့် ချိတ်ဆက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required