ဟာရီကိန်းမုန်တိုင်း အာရ်မာ ဖလော်ရီဒါတောင်ပိုင်းကို ဖြတ်ကျော်တိုက်ခတ်၊ မီယာမီတွင် အပျက်အစီးများပြား

ဟာရီကိန်းမုန်တိုင်း အာရ်မာ ဖလော်ရီဒါတောင်ပိုင်းကို ဖြတ်ကျော်တိုက်ခတ်၊ မီယာမီတွင် အပျက်အစီးများပြား

စက်တင်ဘာ ၁၁ ။         ။ အင်အားပြင်း ဟာရီကိန်းမုန်တိုင်း အာရ်မာသည် စက်တင်ဘာ ၁၀ ရက်က အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တောင်ပိုင်းကို ဖြတ်ကျော်တိုက်ခတ်သွားခဲ့ပြီးနောက် မီယာမီမြို့တွင် ထိခိုက်ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည်။

မီယာမီတွင် အာရ်မာ မုန်တိုင်းကြောင့် အဆောက်အအုံများ ကြီးကြီးမားမား ထိခိုက်ပျက်စီးခြင်း၊ လှေနှင့် သင်္ဘောများ ကမ်းတင်နေခြင်း၊ လမ်းမများ ရေလွှမ်းမိုးသွားခြင်း၊ လျှပ်စစ်ဓာတ်တိုင်များနှင့် ဆိုင်းပုဒ်များ ပြိုလဲခြင်း တို့ကဲ့သို့ ပျက်စီးမှုများ ကြုံတွေ့ခဲ့ရသော်လည်း ဆယ်စုနှစ်များစွာကြာ ရှိနေခဲ့သော မြို့၏ ကျက်သရေဆောင် မဟော်ဂနီ၊ ဝက်သစ်ချကဲ့သို့ အပင်ကြီးများ ပြိုလဲသွားမှုက ပို၍ပင် ဆုံးရှုံးမှု ကြီးမားခဲ့သည်ဟု သိရသည်။

အာရ်မာမုန်တိုင်းကို လက်ရှိအချိန်တွင် လေတိုက်နှုန်း တစ်နာရီ ၈၅ နှုန်း ရှိမည့် ပြင်းအား အဆင့် ၁ ထိ လျော့ကျသတ်မှတ်ထားသည်။

မုန်တိုင်း၏ ဗဟိုချက်မှာ ဖလော်ရီဒါပြည်နယ် Lakeland မြို့ မြောက်ပိုင်းတွင် ရှိနေပြီး ယင်းဟာ ဖလော်ရီဒါကျွန်းဆွယ်ဘက်သို့ ဆက်လက်ရွေ့လျားသွားပြီး ဂျော်ဂျီယာပြည်နယ် နယ်စပ်သို့ ရောက်ရှိမည်ဟု ခန့်မှန်းရသည်။

မီယာမီမြို့တွင် ယခုလက်ရှိအချိန်ထိလည်း မုန်တိုင်းအန္တရာယ် ကင်းစင်သွားပြီဟု ပြော၍မရသေးကြောင်း သက်ဆိုင်ရာအာဏာပိုင်များက မြို့နေပြည်သူများကို သတိပေးထားကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly