အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တိမ်းရှောင်နေသော ကျောင်းသား ၃ဝဝ ခန့်အတွက် စားနပ်ရိက္ခာများလှူဒါန်း

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တိမ်းရှောင်နေသော ကျောင်းသား ၃ဝဝ ခန့်အတွက် စားနပ်ရိက္ခာများလှူဒါန်း
ဓာတ်ပုံ-ကိုဝေဟင်အောင်
 

 ရန်ကုန်၊ စက်တင်ဘာလ ၁၁ ။      ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့မကျောင်းတွင် အကြမ်းဖက်သမားများတိုက်ခိုက်မှုကြောင့် လာရောက်တိမ်း ရှောင်နေသော နံ့သာတောင်ကျေးရွာမှ   ကျောင်းသူ၊ ကျောင်းသား ၃ဝဝ ခန့်အတွက် စာရေးဆရာဝေဟင် အောင်က စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါနေရာသို့ရောက်ရှိနေသော ကျောင်းသူကျောင်းသားများမှာ နံ့သာတောင်ဒေသတွင် ပိတ်မိနေခဲ့သောဒေသခံများဖြစ်သည်။ ၎င်းတို့သည် နံ့သာတောင်မှ တောင်ပြိုသို့ ပြောင်းရွှေ့ ခဲ့ရပြီး တောင်ပြိုမှတဆင့် မောင်တောမြို့မကျောင်းသို့ တပ်မတော် အကူအညီဖြင့် စက်တင်ဘာလ ၁ဝ ရက်နေ့တွင် ပြောင်းရွှေ့ခေါ်ဆောင်လာခြင်းဖြစ်သည်။

“ ကျောင်းတွေကလည်း မီးရှိုးခံလိုက်ရပြီ။ ဖျက်စီးခံလိုက်ရပြီ။ ကလေးတွေ အဲ့ဒီနေရာ ပြန်သွား ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ သူတို့ ပညာရေးကို မထိခိုက်ဖို့အတွက် မောင်တောမြို့မကျောင်းမှာပဲ လည်ပတ်နိုင်ဖို့ ဆရာတော်နဲ့ တိုင်ပင်ထားတာရှိပါတယ်။ လတ်တလော အဲ့ဒီကလေး ၃ဝဝ ကျော်လောက် စား ဖို့၊ သောက်ဖို့အတွက်က ဆရာတော်မှာလည်း အခက်အခဲရှိတာပေါ့။ အဲ့ဒါကြောင့် ကျွန်တော်တို့ နိုင်သလောက် ပေါ့ဗျာ။ လောလောဆယ်ကို အထွေထွေသုံးဖို့ ပိုက်ဆံ ၁ဝ သိန်းလှူခဲ့တယ်။ ထမင်း၊ ဟင်းချက်လို့ရအောင် ထင်းကားတစ်စီးစာ ၈ သိန်းနဲ့ ဆန်၊ ဆီ၊ ဆား၊ စားနပ်ရိက္ခာတွေ မနေ့က လှူပေးခဲ့ပါတယ်။ ဆန်ကတော့ မပို့ရ သေးဘူး။ ပို့ပေးမယ်လို့ အာမခံထားခဲ့တာပေါ့။ အဝတ်အစားတွေလည်း လှူဖို့ရှိတယ်။ ဒီနေ့ ညနေပိုင်း အဲ့ဒီကို သွားဖို့ စီစဉ်ထားရှိပါတယ်” ဟု စာရေးဆရာ ဝေဟင်အောင်က ယနေ့ စက်တင်ဘာလ ၁၁ ရက်တွင်  မဇ္ဈိမသို့ ပြောသည်။

စစ်တွေမြို့ဒေသခံဖြစ်သူ စာရေးဆရာ ဝေဟင်အောင်သည်  မောင်တောရှိ ပိတ်မိနေသော ဒုက္ခသည်များနှင့် ဒုက္ခ သည်စခန်းများတွင် ရှိနေသူများအတွက် ကိုယ်တိုင် အလှူငွေများကောက်ခံပေးနေသည့် အပြင် ဝေဠုကျော်ဖောင်ဒေးရှင်းနှင့်အတူ သြဂုတ်လ ၃ဝ ရက်နေ့ ညနေပိုင်းမှ စတင်ပြီး မောင်တော ဒေသသို့ ရောက်ရှိကာ ဒုက္ခသည်များကို ကူညီပေးနေခြင်းဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ရွာများတွင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒုက္ခ ရောက်နေသော ပြည်သူများအတွက် ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များက  စာရေးဆရာ ဝေဟင် အောင်မှ တဆင့်လှူဒါန်းနေရာ  အလှူငွေ ကျပ်သိန်း ၁,၈ဝဝ ကျော်ထိရရှိပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလှူငွေ ကျပ်သိန်း ၁,၈ဝဝ ကျော်ထဲမှ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များရှိ ဒုက္ခသည်များအတွက် ကျပ်သိန်း ၆ဝဝ ကျော်ထိ လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မောင်တောဒေသရှိ တိမ်းရှောင်နေသော ပြည်သူများထံသို့ စာရေး ဆရာ ဝေဟင်အောင်မှတဆင့် လှူဒါန်းလိုပါက အောင်ကျော်ဝင်း၊ ၁၁/ပဏတ(နိုင်)ဝ၅၄၂၉၈၆ လိပ်စာဖြင့် စစ်တွေမြို့၊ CB ဘဏ်သို့ လှူဒါန်းနိုင်ပြီး လှူဒါန်းပြီးပါက ဝ၉ - ၄၅ဝ ၅၄၂ ၉၈၆ သို့ ဆက်သွယ် အကြောင် းကြားပေးနိုင်ကြောင်း သိရသည်။

ထို့ပြင် CB ဘဏ် ATM အကောင့်: 0015 6005 0000 8157 သို့လည်းကောင်း၊ ကမ္ဘောဇဘဏ်အကောင့်: 017-301- 0170 1412201 သို့ Aung Kyaw Win အမည်အကောင့်မှ တဆင့်လည်း လှူဒါန်းနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly