သိုက်ကလာတယ်၊ နားမကြားဘူး၊ သမိုင်းမသိဘူး

သိုက်ကလာတယ်၊ နားမကြားဘူး၊ သမိုင်းမသိဘူး

ပြီးခဲ့တဲ့ သြဂုတ်လထဲက ကြားမိလိုက်တယ်၊ ကြားမိလိုက်ပြီးတဲ့နောက် ထပ်မကြား မိတော့ပြန်ဘူး။ ဘာတဲ့ … ရိုက်တာဆိုလား ၊နှက်တာဆိုလား သတင်းဌာနတစ်ခုက YBSနဲ့ ပတ်သက်ပြီး   မောင်မှန်တို့ကွီးကို မတော်မတရားရေးတယ်ဆိုလား ကြားမိလိုက်တယ်။ ဒါမျိုးလာလုပ်လို့တော့ ဘာရလိမ့်မလဲ၊ မောင်မှန်တို့ကွီးပဲဟာ၊ သတင်းမီဒီယာကောင်စီကို သွားတိုင်ပစ်လိုက်တာပေါ့။ သတင်းမီဒီယာကောင်စီက အချက်အလက်မပြည့်စုံလို့လား၊ ဘောင်မဝင်လို့လားတော့ မသိဘူး၊ ပြန်တိုင်ပါဆိုပြီး အကြောင်းပြန်သတဲ့။ အဲ့ဒီနောက်ပိုင်း ဘာများထပ်ကြားရဦးမလဲလို့ မောင်မှန် နားစွင့်နေတာ၊ နောက်ထပ်ဘာမှ မကြားမိတော့ပြန်ဘူး၊ (ဒီစာရေးးနေတဲ့ အချိန်ထိပေါ့လေ) နာရီကိစ္စလိုများ ဖြစ်ဦးမှာလားဆိုပြီး မောင်မှန်က ပွဲမျှော်နေတာပါ။ မဟုတ်တာရေးရင်တော့ မဟုတ်တာရေးသလိုခံကြပေါ့၊ ဟုတ်တာရေးရင်တော့ ဟုတ်တာရေးသလို ခံကြပေါ့။ ခုတော့ ဟုတ်သလား၊ မဟုတ်သလား ဆိုတာကို သေချာမသိဘူး ဖြစ်နေတယ်။ ဟုတ်သလိုလို မဟုတ်သလိုလိုပဲလား၊ တိုင်စာပြန်ရေးဖို့ အချိန်မရသေးလို့လား၊ သိုက်ကလာတဲ့ မောင်မှန် စကားပြောပြီး နားမကြားဘူး ဖြစ်နေပါတယ်ခင်ဗျာ။

နာရီကိစ္စတုန်းကတော့ ရှင်းတယ်၊ မဟုတ်ကြောင်းငြင်းတယ်။ ပေးတယ်လို့ စွပ်စွဲခဲ့ရသူကတောင် သတင်းစာရှင်းလင်းပွဲလုပ်တယ်၊ အပေးအယူကိုတည့်လို့။ အဲ, ဒါကျတစ်မျိုး ပြောရမယ်ထင်တယ်၊ မပေးမယူကိုတည့်လို့၊ မဟုတ်ကဟုတ်က ပြောတယ်ဆိုပြီး တန်းတရားစွဲ၊ တန်းဖမ်းပစ်လိုက်တာ၊ နောက်မှအာမခံရသွားတာ။

ခုလည်းပဲတိုင်စာပြန်ရေးတာ မရေးတာထား၊ အမှန်တရားကိုတော့ သိချင်သားခင်ဗျာ၊ သတင်းဌာနကရေးတာ ဟုတ်၊ မဟုတ်သတင်းစာရှင်းလင်းပွဲ တစ်ခုလောက်တော့ ကွီးအနေနဲ့ လုပ်သင့်တယ်လို့ထင်ပါတယ်။ ဒါမှပြည်သူတွေ ရှင်းရှင်းလင်းလင်း သိရမှာဖြစ်ပါတယ်။ သတင်းခေတ်ကြီးမှာ ပွင့်လင်းမြင်သာရှိဖို့ရာလည်း လွန်စွာမှအရေးကြီးပါတယ်။ မောင်မှန်တို့ လိုချင်ခဲ့တာ ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသောာအစိုးရမို့လား၊ သန့်ရှင်းကြောင်း သက်သေပြဖို့ လိုတာအမှန်ပါ။ နို့မို့ရင် သမိုင်းထဲမှာ ဒီအတိုင်းသောင်မတင် ရေမကျကြီး ကျန်ရစ်ခဲ့တော့မှာ၊ ကြာလာတာနဲ့အမျှ စွပ်စွဲရေးသားခံရသူဖက်က ပိုပိုနစ်နာလာမှာ၊ စွပ်စွဲသူဖက်က ပိုပိုအားသာလာမှာ၊ ဟုတ်လို့ငြိမ်သွားတယ်ဆိုတာမျိုးအထိ ခရီးပေါက်သွားတော့မှာ၊ ရာဇဝင်ထဲမှာ အီလည်လည်ကြီး မထားခဲ့ပါနဲ့၊ မောင်မှန် မခံချင်လွန်းလို့ပါ၊ ဘယ်ကပဲလာလာ စကားတော့ပြောပါလို့စ်။

သမိုင်းကို မပေါ့ဆပါနဲ့၊ မောင်မှန်အတည်ပြောတာပါ၊ သမိုင်းကိုပေါ့ဆရင် အနှစ်နာကြီး နှစ်နာရတက်ပါတယ်။ သမိုင်းကို ဖျောက်ချင်သူတွေနဲ့ သမိုင်းကို မေ့ချင်သူတွေ မိုးကောင်းနေတဲ့ ခေတ်ကြီးမို့ သမိုင်းက ခေတ္တခဏရူးချင်ယောင်ဆောင် နေတာပါ။ ဘယ်လောက်တောင် ရူးချင်ယောင် ဆောင်လိုက်သလဲဆို တစ်နှစ်က ရန်ကုန်တက္ကသိုလ်မှာ သမိုင်းဘာသာရပ်ယူမယ့် ကျောင်းသားမရှိတော့တဲ့ အထိအောင်ကို ရူးချင်းယောင်ဆောင် ပစ်လိုက်တာ၊ (ဆရာကြီး ဒေါက်တာသန်းထွန်းများသာ ရှိမယ်ဆိုရင် ဘယ်လိုတောင်မှတ်ချက်ပြုမယ် မသိဘူး)

သမိုင်းရူးချင်ယောင်ဆောင်တော့ စစ်ကိုင်းအထူးဆောင်က သတင်းကလေးကလည်း သင်းမွှေးလှသဗျ၊ စစ်ကိုင်းဆောင်ရဲ့ စီနီယာကျောင်းသားဟောင်းကြီးတွေကို လက်ရှိတက္ကသိုလ်   ကျောင်းသားလေးတွေက ကြည်ညိုမြတ်နိုး လက်စုံမိုးပူဇော်နေကြပုံတွေကို Fbမှာ မောင်မှန်မြင်လိုက်ပါတယ်။ ထူးခြားတာက ကန်တော့ခံပုဂ္ဂိုလ်တွေ (စီနီယာ ကျောင်းသားဟောင်းကြီးတွေ)ထဲမှာ   ပြည်သူ့အချစ်တော် ဘိုပြုတ်ကြီးတစ်ယောက်ကို မိန့်မိန့်ဂျီး တွေ့လိုက်ရလို့ပါ၊ ဒီပုဂ္ဂိုလ်ကြီး ဒီအခြေအနေမျိုးနဲ့ ရန်ကုန်တက္ကသိုလ်ထဲ ခြေပြန်ချရဲတာ နည်းနည်းနောနော မျက်နှာပြောင်တာ မဟုတ်ပါဘူး။ လုံး၀ လုံးဝကို မျက်နှာပြောင်ဝင်း ညီညစ်ဖျင်းပါပဲ၊ ဗမာပြည်ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းကို ရက်ရက်စက်စက် ဘဝပျက်အောင် စီမံဖန်တီးခဲ့သူဟာ ခုတော့ကန်တော့ခံလို့ပေါ့လေ။ အထူးသဖြင့် သူ့စနက်ကို ကျောင်းသားတွေ အခံရဆုံးပါ။ ဒီသမိုင်းဟာ ဘာမှမကြားသေးပါဘူး။ အမှန်းကမ်းလမ်းမသိ သိုက်ဆရာကို ဘယ်ကိုဘုန်းကြွယ်ကများ လှေပေါ်ခေါ်တင်ခဲ့တယ် မသိပါ၊ တစ်ခုတော့ ရှိပါတယ်။ ကန်တော့နေတဲ့ ကျောင်းသားလေးတွေဟာ ရိုးရိုးသားသား သမိုင်းမသိတာဆိုရင်တော့ မြင်ခွင့်၊ ပြင်ခွင့်ရှိပါတယ်။ နောင်ကို ဒီလိုကိစ္စမျိုးဆို ဝေရာမဏိသိက္ခာပဒံပေါ့၊   ရှောင်လော့ရှားလော့ပေါ့။  အခု မကျေမနပ်ဖြစ်နေကြသူတွေကလည်း ခွင့်လွှတ်ပေးကြရမှာပေါ့။ ဒီဘဝရောက်နေတာတောင် တက္ကသိုလ်ကျောင်းသားတွေရဲ့ ကန်တော့ခံဖြစ်နေသေးတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ ဘုန်းတန်ခိုးရှိန်စော် အာနုဘော်ကိုလည်း မောင်မှန်အံ့အားသင့်မိပါရဲ့၊ နိုင်/ကျဉ်းဟောင်းမောင်မှန်ဘကြီး ပြောပြဖူးတဲ့ ဒီပုဂ္ဂိုလ်ကြီး ဓါးထက်စဉ်က အကြောင်းတစ်ခုကို ပြန်ပြီးဖောက်သည်ချ လိုပါတယ်။ ၂၀၀၀ ပြည့်နှစ်ဝန်ကျင်း ဗမာပြည်ထောင်တွေထဲမှာ နိုင်/ကျဉ်းတွေအပြည့်ပါ၊ ဒီထဲမှာမှ တက္ကသိုလ်ကျောင်းသားတွေက မနည်းလှပြန်ဘူး၊ ၂၀၀၂ခုနှစ်လောက်ကျတော့ လွတ်ရက်မစေ့သေးတဲ့ တက္ကသိုလ်ကျောင်းသား အချို့ချို့တွေဆီ ( ထောင်အာဏာပိုင်တွေကနေ တစ်ဆင့်) ထောက်လှမ်းရေးက အသနားခံစာတွေ တင်ခိုင်းပါတယ်။ အသနားခံစာ လိပ်မူရာကတော့ အဲ့ဒီတုန်းက ထောက်လှမ်းရေးအကြီးအကဲ၊ ပညာရေးကော်မတီ ဥက္ကဋ္ဌ အဲ့ဒီပုဂ္ဂိုလ်ကြီးထံပါတဲ့ခင်ဗျ)  သူ့ကို ဘဘဗိုလ်ချုပ်ကြီးခင်ဗျာလို့ အစချီလိပ်မူရပါသတဲ့၊ ( ထောက်လှမ်းရေးစီ ပေးပြီးသားစာကို အသနားခံလို့ သူက လက်မှတ်ပဲ ထိုးပေးရတာပါ) ဘယ်လောက်များ စီးစီးပိုးပိုးနိုင်လိုက်သလဲဆိုတာ မောင်မှန်ဘကြီးတောင်ဘေးက မခံချင်ဖြစ်ရပါသတဲ့ခင်ဗျာ၊ အဲ့ဒီတုန်းကအဲဒီလို အခုကျတော့လည်း အခုလိုအေးဆေးပါပဲ။

ဒါပေမဲ့ ကန်တော့မိတဲ့ ကလေးတွေကိုလည်း သိပ်အပြစ်မယူစေလိုပါ၊ သူတို့က သမိုင်းမသိတာ ဖြစ်ဖို့များပါတယ်။ သမိုင်းသိသိနဲ့ လုပ်ခဲ့တာတွေလည်း ဗမာပြည်မှာ နည်းမှမနည်းဘဲ၊ ခုထိသက်ရှိထင်ရှားရှိလေတဲ့ မ.က.သ ကျောင်းသားဟောင်းတစ်ယောက်က ၁၉၉၅လောက်မှာ နိုင်ငံရေးသမားဟောင်းကြီးတွေကို ကန်တော့ပွဲလုပ်ဖို့ စီစဉ်ရာမှာ စစ်အာဏာရှင်ကြီး ဦးနေဝင်းကိုပါ ကန်တော့ခံဖို့ ထည့်သွင်းစီစဉ်တာ မောင်မှန်ကိုယ်တိုင် တွေ့ခဲ့ဖူးတယ်။ ( ဟိုကမလာလို့၊ လာများသာ လာလိုက်လို့ကတော့ ဘာတွေဖြစ်ကုန်မယ် မသိဘူး) နောက်ပြီး အဲ့ဒီဆရာကပဲ ဗ.က.သလည်းမဟုတ်၊ မ.က.သလည်းမဟုတ်တဲ့ ကျောင်းသားသမဂ္ဂတစ်ခုဖွဲ့ဖို့ အဆိုပြုတယ်။ သမဂ္ဂရဲ့နာယကတွေအဖြစ် သူအဆိုပြုတဲ့အထဲမှာ အထက်က ဘိုပြုတ်ဂျီးပါခဲ့တယ်။ (အဲ့ဒီတုန်းက ဘုန်းမီးနေလတောက်ပဆဲပေါ့၊ ဒါကျတော့ သမိုင်းသိသိနဲ့လုပ်တာပါ) ခုချိန်မှာ ဒီဆရာကတော့ သိုက်ကလာတယ်၊ စကားမပြောဘူး ဂိုက်ဖမ်းထားပါပြီ၊ သူ့သမိုင်းသူ နှုတ်ပိတ်ထားလိုက်ပါပြီ၊ မောင်မှန်ကတော့ ဖေါ်ကောင်လုပ်လိုက်ပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags