Basil (ပင်စိမ်း) က ဘာလဲ။

Basil (ပင်စိမ်း) က ဘာလဲ။

ရေးသားသူ Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe.

အသုံးပြုပုံများ

ပင်စိမ်းကို ဘာအတွက်အသုံးပြုကြသလဲ

ပင်စိမ်းဟာ မြေကြီးပေါ်မှာ ပေါက်တဲ့ အပင်တစ်မျိုးဖြစ်ပြီး ဆေးအဖြစ်အသုံးပြုကြပါတယ်။ လူအချို့က သူ့ကို အာလုပ်ကျင်းရည်အဖြစ်လည်း အသုံးပြုကြပါတယ်။

ပင်စိမ်းကို ဗိုက်အောင့်ခြင်း၊ အစားအသောက် ပျက်ခြင်း၊ လေထခြင်း၊ ကျောက်ကပ်ရောဂါတွေနဲ့ အရည်ကိုယ်ခန္ဓာအတွင်းများခြင်း၊ ခေါင်းအအေးမိခြင်း၊ ကြွက်နို့များ၊ သန်ကောင် ထခြင်းတွေအတွက်လည်း အသုံးပြုကြပါတယ်။ မြွေနဲ့ အင်းဆက်ကိုက်ခြင်းတွေကို ကုသဖို့လည်း အသုံးပြုကြပါတယ်။

အမျိုးသမီးအချို့ဟာ ပင်စိမ်းကို ကလေးမမွေးမီနဲ့ မွေးအပြီးမှာ သွေးစီးဆင်းမှုကို မြှင့်တင်ဖို့နဲ့ နို့ထွက်ခြင်း အစပြုစေဖို့ အသုံးပြုကြပါတယ်။

ပင်စိမ်းက ဘယ်လိုအလုပ်လုပ်လဲ

ပင်စိမ်း ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒါပေမယ့် လေ့လာမှု အချို့က ပင်စိမ်းမှာ ဗီတာမင် စီ၊ calcium၊ magnesium၊ နဲ့ သံဓါတ်တွေ ပါဝင်ပါတယ်လို့ ဆိုပါတယ်။ ပင်စိမ်းမှာ ပါတဲ့ ဓါတုပစ္စည်းတွေဟာ နာကျင်ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ သုသေသန တစ်ခုက သူဟာ antibody တွေကို များပြားစေပြီး ကိုယ်ခံအားလှုံ့ဆော်ပေးတဲ့ အရာတစ်ခုအဖြစ် ပင်စိမ်းကို ယူဆကြပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ပင်စိမ်း အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ပုံမှန်အားဖြင့် ပင်စိမ်းဆီတွေဟာ ခွဲစိတ်မှုတွေ အပြီးမှာ သွေးထွက်နှုန်းကို မြင့်မားစေပါတယ်။ စီစဉ်ထားတဲ့ ခွဲစိတ်မှု မစခင် အနည်းဆုံး နှစ်ပတ်လောက်ကြိုပြီး ပင်စိမ်း အသုံးပြုခြင်းကို ရပ်တန့်သင့်ပါတယ်။

ပင်စိမ်းကို အစိမ်း (သို့) ပေါင်ဒါမှုန့်အနေနဲ့ ဘယ်လိုအသုံးပြုရမလဲဆိုတာ သိသင့်ပါတယ်။ အရွက်တွေကိုသာ အသုံးပြုသင့်ပါတယ်။

ပင်စိမ်းကို အချိန်အကြာကြီး အသုံးမပြုသင့်ပါဘူး။ သူဟာ  မျိုးရိုးဗီဇ ပြောင်းလဲမှုကို ဖြစ်ပေါ်စေပါတယ်။

ပင်စိမ်းကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။

ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ပင်စိမ်း က ဘယ်လောက်စိတ်ချရလဲ

ပင်စိမ်းကို ကိုယ်ဝန်ရှိနေရင်၊ ကလေးနို့တိုက်နေရင်၊ မွေးကင်းစကလေးတွေနဲ့ လမ်းလျှောက်တတ်ကာစ ကလေးတွေမှာ အသုံးမပြုသင့်ပါဘူး။ ပင်စိမ်းရဲ့ ဓါတုပါဝင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ estragole ဟာ ကိုယ်ဝန်ဆောင်နေစဉ် ပင်စိမ်းကို အများအပြား အသုံးပြုစဉ်မှာ မျိုးရိုးှဗီဇ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပါတယ်။

ဆီးချိုဆေးတွေ (သို့) အင်ဆူလင်ဆေးတွေနဲ့ အတူအသုံးပြုခြင်းဟာ သွေးသကြားဓါတ်နည်းခြင်းကို ဖြစ်ပေါ်စေတာမို့ အတူတကွ အသုံးမပြုသင့်ပါဘူး။

ဘေးထွက်ဆိုးကျိုးများ

ပင်စိမ်းကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

ပင်စိမ်းကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။

  • သွေးသကြားဓါတ်နည်းခြင်း
  • အသည်းကင်ဆာ
  • သွေးခဲနှုန်းနှေးပြီး သွေးထွက်လွန်ခြင်း

လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။

ဆေးဓာတ်ပြုမှုများ

ပင်စိမ်းကို အသုံးပြုခြင်းကနေ ဘယ်လိုဓာတ်ပြုမှုတွေ ရှိလာနိုင်သလဲ

ပင်စိမ်းဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ပင်စိမ်းဟာ အင်ဆူလင်၊ ဆီးချိုဆေးတွေရဲ့ သွေးသကြားဓါတ်နိမ့်ကျစေမှုကို ပိုဆိုးစေတာမို့ အတူတကွ အသုံးမပြုသင့်ပါဘူး။

ပင်စိမ်းဟာ သွေးသကြားဓါတ်ကို မြင့်တက်စေတာမို့ သွေးအဖြေတွေကို ပြောင်းလဲစေပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည် သင်၏ လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓာတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသော အချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက် မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

ပင်စိမ်းအတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

ပင်စိမ်းကို အသုံးပြုရမယ့် အချိုးအစားက ဘယ်လောက်လဲ။

သွေးသကြားဓါတ်ကျစေဖို့ ပြုလုပ်ထားတဲ့ သုတေသနတစ်ခုက အရွက် 2.5g ကို အမှုန့်အနေနဲ့ ရေ 200ml ထဲမှာထည့်ပြီး နေ့စဉ် နှစ်လအထိ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

ပင်စိမ်းကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ပင်စိမ်းက ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

ပင်စိမ်းကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

အရွက်တွေကို ပိုင်းပြီး ကျိတ်ထားတဲ့ အမှုန့်၊ လက်ဖက်ရည်၊ တင်ချာရည်

ဤဆောင်းပါးအား http://hellosayarwon.com မှ ကူးယူဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required