USDP ၏ တိုက်တွန်းချက်များကို အလေးထားခဲ့ပါက ဖြစ်ရပ်ဆိုးများကို ရာနူန်းပြည့် ကာကွယ်နိုင်မည်ဟု ဆို

USDP ၏ တိုက်တွန်းချက်များကို အလေးထားခဲ့ပါက ဖြစ်ရပ်ဆိုးများကို ရာနူန်းပြည့် ကာကွယ်နိုင်မည်ဟု ဆို
ဓာတ်ပုံ-မင်းမင်း
 

ရန်ကုန်၊ စက်တင်ဘာ ၁၀ ။           ။ အစိုးရအနေဖြင့် အတိုက်အခံပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ (USDP) တိုက်တွန်းတောင်းဆိုချက်များ ကိုသာ အလေးထားခဲ့ပါက လက်ရှိရခိုင် ပြည်နယ်တွင်ဖြစ်ပွားနေသည့် ဖြစ်ရပ်ဆိုးများမဖြစ်ရန် ရာနူန်းပြည့်နီးပါး ကာကွယ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောဆိုလိုက်သည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှဦးဆောင်ပြုလုပ်သည့် " အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲ " အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

" ရခိုင်အရေးနဲ့ပတ်သက်လို့ ဖြစ်လာနိုင်တဲ့အခြေအနေတွေကို ကြိုတင်သုံးသပ်မိတဲ့အတွက် ကျွန်တော်တို့ထုတ်ပြန်ခဲ့တဲ့ တိုက်တွန်းချက်တွေ၊ တောင်းဆိုချက်တွေကို တာဝန်တွေက တာဝန်ရှိသူတွေက တကယ်သာအလေးထားခဲ့ရင် အခုဖော်ပြတဲ့ ဖြစ်ရပ်ဆိုးတွေကို ဖြစ်မပေါ်လာအောင် ရာနူန်းပြည့်နီးပါး ကာကွယ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် " ဟု ဦးသန်းဌေးက ပြောသည်။

နိုင်ငံတော်အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေသည့် သီးခြားနယ်မြေခွဲထွက်ထူထောင်ရေး ရုပ်လုံးပေါ်နေပြီ ဖြစ်ကြောင်း၊ ရွာတိုင်းနီးပါးတွင် အကြမ်းဖက်သင်တန်းတက်ရောက်သူများ စုဖွဲ့ထား ကြောင်း၊ လက်နက်တပ်ဆင်ဖို့သာ လိုတော့ကြောင်း ၊ ထို့ကြောင့်ဒေသလုံခြုံရေး အမြန် ဆောင်ရွက်ပေးဖို့ ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် တောင်းဆိုခဲ့ဖူးကြောင်းလည်း သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ် စတင်ဖြစ်ပွားခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာ ၅ ရက်နေ့အထိ ကျေးရွာပေါင်း ( ၅၉) ရွာ ၊ နေအိမ်အလုံးပေါင်း ၆၈၄၂ လုံး မီးရှို့ဖျက်ဆီးခံရ ကြောင်း  ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တင်ပြထားသည်ဟု အစိုးရမှ သတင်းထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်တွင် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အကြမ်းဖက် သမား (၃၇၁) ဦး အသေဖမ်းဆီး ရမိကာ (၃၈) ဦးကို အရှင်ဖမ်းမိခဲ့ပြီး ဒေသခံများ သေဆုံးမှု အဖြစ် ဒေသခံတိုင်းရင်းသား (၁၄) ဦး ၊ ဒေသခံ ဟိန္ဒူဘာသာဝင် (၇) ဦး၊ ဘင်္ဂလီ(၇) ဦး စုစုပေါင်း (၂၈) ဦး သေဆုံးခဲ့ကြောင်း အစိုးရဘက်မှ ထုတ်ပြန်ထားသည်။

ယနေ့ (စက်တင်ဘာ ၁၀ ရက်) ရန်ကုန်မြို့ သံလွင်လမ်းရှိ USDP အစည်းအဝေခန်းမတွင်ပြုလုပ်သည့် " အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲ " ကို နိုင်ငံတကာအဖွဲ့အစည်းတချို့က တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်တချို့နှင့် ပညာရှင်တချို့တက်ရောက်ခဲ့သည်။

အကြမ်းဖက်ကျူးလွန်သူများနှင့် အဖွဲ့အစည်းများကို အကြမ်းဖက်မှုဥပဒေဖြင့် ထိရောက်ပြင်းထန်စွာ အရေးယူပေးဖို့ အစသဖြင့် တိုက်တွန်းတောင်းဆိုခဲ့ သော်လည်း အကြံပေးချက်များကို အရေးယူ ဆောင်ရွက်ခြင်းမှာ အစိုးရရ၏တာဝန်သာဖြစ်ကြောင်း အဆိုပါဆွေးနွေးပွဲတွင် ဦးသန်းဌေးက ထည့်သွင်းပြောဆိုသည်။

USDP အနေဖြင့် ရခိုင်တိုင်းရင်းသားများအပါအဝင် တစ်မျိုးသားလုံး၏ အသက်အိုးအိမ် လုံခြုံမှု၊ စားသောက်နိုင်မှု ၊ လတ်တလောရှင်သန်ရပ်တည်မှုအတွက် အခြေခံအခွင့်အရေးများကို အာမခံပေးနိုင်မှု လိုအပ်နေပြီဖြစ်ကြောင်းလည်း ထုတ်ပြန်စာထုတ်ပြန်ခဲ့ပြီး သမ္မတရုံးအထိ ပေးပို့ထားကြောင်း သိရသည်။

လက်ရှိတွင် မောင်တောခရိုင် အထွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စက်တင်ဘာလ (၉) ရက် ရက်စွဲပါ အမိန့်အမှတ် (၃/၂၀၁၇) ဖြင့် နောက်ဆုံးထုတ်ပြန်ထားပြီး  အကြမ်းဖက်မှုတွင် ပူးပေါင်းပါဝင်ခြင်း၊ ကူညီ အားပေးခြင်း၊ ထောက်ပံ့ပေးခြင်းများ မပြုလုပ်ရန်၊ နေအိမ်များ၊ ပစ္စည်းများအား မီးရှို့ဖျက်ဆီး ခြင်း မပြုလုပ်ကြရန် ၊ မီးလောင်ပြင်ဧရိယာများ အတွင်းရှိ ပစ္စည်းများအား လုယက်ခြင်း၊ ဖောက်ထွင်း ခြင်း၊ ခိုးယူခြင်း၊ ဖျက်ဆီး ခြင်းများမပြုလုပ်ရန်၊ ဒုတ်၊ ဓား၊ လက်နက်များ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ အစသည့်လူကို အန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းများအား လက်ဝယ်တွင် ကိုင်ဆောင်ခြင်း၊ ထားသိုခြင်း၊ အသုံးပြုခြင်းမပြုလုပ်ရန်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးအခြေအနေအရ မသွားရန် သတ်မှတ်ထားသော နေရာများသို့ ဝင်၊ ထွက်သွားလာခြင်း မပြုလုပ်ကြရန် တားမြစ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags