မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ မလိုလားအပ်သည်များ မဖြစ်ပေါ်ရန် အစ္စလာမ်ဘာသာဝင်များသို့ တိုက်တွန်း

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ မလိုလားအပ်သည်များ မဖြစ်ပေါ်ရန် အစ္စလာမ်ဘာသာဝင်များသို့ တိုက်တွန်း

စက်တင်ဘာ ၁၀ ။          ။ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ အစ္စလာမ်ဘာသာဝင်များသို့ အထူး ပန်ကြားချက်တစ်ရပ်ကို စက်တင်ဘာလ ၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး မလိုလားအပ်သည်များ မဖြစ်ပေါ်ရန် တိုက်တွန်းခဲ့သည်။

လက်ရှိအချိန်တွင် အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် ဘာသာတစ်ခုနှင့် တစ်ခုအကြား မလိုလားအပ်သော ပဋိပက္ခများ ဖြစ်ပေါ်လာစေရန် ဘာသာရေး ပုတ်ခတ်စော်ကားမှုများ၊ လှုံ့ဆော်မှု များ၊ လုပ်ကြံ သတင်းလွှင့်မှုများ ဆောင်ရွက်လာသည်ကို တွေ့ရှိနေရပြီး အစ္စလာမ် ဘာသာဝင်များ အနေဖြင့် လက်ခံယုံကြည်ခြင်း၊ ဖြန့်ဝေခြင်း၊ စိတ်လိုက်မန်ပါ တုံ့ပြန်ခြင်းများ မပြုလုပ်ကြပါရန် တိုက်တွန်းထားသည်။

ထို့ပြင် မိမိတို့ ပတ်ဝန်းကျင်တွင် အဖျက် အမှောက် လုပ်ရပ်များ မသင်္ကာဖွယ်ရာ တွေ့ရှိပါက နီးစပ်ရာ အစိုးရ အုပ်ချုပ်ရေး အဖွဲ့များသို့ အချိန်မှီ အသိပေး အကြောင်းကြားပါရန် အဆိုပါ ပန်ကြားစာတွင် ဖော်ပြထားသည်။

အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းများနှင့် အစ္စလာမ် ဘာသာဝင်များသည် အကြမ်းဖက် လုပ်ရပ်များကို လက်မခံဘဲ ဆန့်ကျင်ရှုတ်ချ၍ နိုင်ငံတည်ငြိမ်ရေးပူးပေါင်းဆောင်ရွက်သွားမည် ဟုလည်း ပါရှိသည်။

စက်တင်ဘာလ ၉ ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချကြောင်း ထုတ်ပြန်ချက်နှင့် အစ္စလာမ်ဘာသာဝင် များသို့ အထူးပန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးသည် အကြမ်းဖက်ဝါဒကို မည်သည့် အချိန်ကမှ လက်ခံခဲ့ခြင်း မရှိပါ၊ လုံးဝဆန့်ကျင်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး အစ္စလာမ့် တရားတော်တွင် အပြစ်မဲ့ ပြည်သူများ ထိခိုက်နစ်နာစေသည့် အကြမ်းဖက်လုပ်ရပ် ကျူးလွန်ခြင်း မပြုရန် အတိအလင်း တားမြစ်ထားပါကြောင်း ပါရှိသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်သူများကြောင့် သေဆုံးခဲ့ရသော အပြစ်မဲ့ ပြည်သူများ အားလုံး၏ ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူထပ်မျှပင် ဝမ်းနည်းကြေကွဲရပြီး အကြမ်းဖက်မှု များကြောင့် နေရပ်စွန့်ခွာနေကြရသူ အပြစ်မဲ့ ပြည်သူများ အားလုံး အတွက်လည်း စိတ်မကောင်း ဖြစ်ရပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတွင် အိုလမာ-အစ္စလာမ်သာသနာ့ ပညာရှင်များအဖွဲ့ချုပ်၊ အစ္စလာမ်သာသနာရေးရာ   ကောင်စီဌာနချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီ အဖွဲ့ချုပ် (ဗဟို)၊ မြန်မာမွတ်စလင်မ်လူငယ်များ (ဘာသာရေး) အဖွဲ့ မ-မ-လ ဌာနချုပ်၊ မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ် (မ-အ-ဖ) ဌာနချုပ် တို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required