ရခိုင်ဖြစ်စဉ်ကြောင့် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားပျက်ယွင်းနေပြီဟု USDP ဥက္ကဋ္ဌ ပြော

ရခိုင်ဖြစ်စဉ်ကြောင့် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားပျက်ယွင်းနေပြီဟု USDP ဥက္ကဋ္ဌ ပြော

ရန်ကုန်၊ စက်တင်ဘာ ၁၀ ။          ။ ရခိုင်ဖြစ်စဉ်ကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြီးထိန်းသိမ်းနေရသည့် အခြေအနေသည် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရား ပျက်ယွင်းခြင်းကိုပြသနေသည့် သက်သေတစ်ခုဖြစ်သည်ဟု ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောဆိုလိုက်သည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှဦးဆောင်ပြုလုပ်သည့် " အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာ သည့် ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲ " အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

" အရပ်ဘက်အုပ်ချုပ်ရေးကို ပုံမှန်ဆောင်ရွက်နိုင်တဲ့ အခြေအနေမရှိတော့တဲ့အတွက် ပုဒ်မ ၁၄၄ ထုတ်ပြီး ထိန်းသိမ်းနေရတဲ့အခြေအနေဟာ နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားပျက်ယွင်းသွားခြင်းကို   ပြသနေတဲ့ ငြင်းပယ်လို့မရတဲ့သက်သေ ဖြစ်ပါတယ်။ အချုပ်အခြာပိုင် နိုင်ငံတစ်ခုအနေနဲ့ အုပ်ချုပ်ရေးယန္တရားကို မထိန်းနိုင်၊ မလည်ပတ်နိုင်တော့ဘူးဆိုရင် သူ့ရဲ့Nation's Right လက်လွတ်ဆုံးရှုံးနေပြီဆိုတာ ပေါ်လွင်ပါတယ် " ဟု ဦးသန်းဌေးက ဆိုသည်။

ရခိုင်တိုင်းရင်းသားများအပါအဝင် တစ်မျိုးသားလုံး၏ အသက်အိုးအိမ် လုံခြုံမှု၊ အေးချမ်းစွားစားသောက်နိုင်မှု ၊ လတ်တလော ရှင်သန်ရပ်တည်မှုအတွက် အခြေခံအခွင့်အရေးများကို အာမခံပေးနိုင်မှု လိုအပ်နေပြီ ဖြစ်ကြောင်းလည်း သူက ပြောသည်။

လက်ရှိတွင် မောင်တောရှိ ရသေ့တောင်၊ ဘူးသီးတောင်ဒေသများတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး စစ်ဆင်ရေးနယ်မြေအဖြစ် ဆောင်ရွက်လျှက်ရှိသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲကင်းစခန်း ၃၀နှင့် တောင်ဘဇာကျေးရွာရှိ နယ်မြေခံတပ်ရင်း ဌာနချုပ်တို့ ဩဂုတ် ၂၅ရက်၊ နံနက်အစောပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီး ဆယ်ရက်ခန့်အကြာတွင် ထိုဒေသအား စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ရန် စက်တင်ဘာလ ၄ ရက်တွင် သမ္မတရုံးမှ ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ထိုသို့  ပုဒ်မ ၁၄၄ (ညမထွက်ရအမိန့်) ထုတ်ထားသော်လည်း မောင်တောမြို့ပေါ်တွင် အခြေအနေများကို ထိန်းသိမ်းထားနိုင်ပြီဖြစ်ကြောင့် မောင်တောခရိုင်ထွေအုပ် ဦးရဲထွဋ်က ပြောဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ် စတင်ဖြစ်ပွားခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာ ၅ ရက်နေ့အထိ ကျေးရွာပေါင်း ( ၅၉) ရွာ ၊ နေအိမ်အလုံးပေါင်း ၆၈၄၂ လုံး မီးရှို့ဖျက်ဆီးခံရ ကြောင်း  ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တင်ပြထားသည်ဟု အစိုးရမှ သတင်းထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်တွင် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အကြမ်းဖက် သမား (၃၇၁) ဦး အသေဖမ်းဆီးရမိကာ (၃၈) ဦးကို အရှင်ဖမ်းမိခဲ့ပြီး ဒေသခံများ သေဆုံးမှု အဖြစ် ဒေသခံတိုင်းရင်းသား (၁၄) ဦး ၊ ဒေသခံ ဟိန္ဒူဘာသာဝင် (၇) ဦး၊ ဘင်္ဂလီ(၇) ဦး စုစုပေါင်း (၂၈) ဦး သေဆုံးခဲ့ကြောင်း အစိုးရဘက်မှ ထုတ်ပြန်ထားသည်။

လတ်တလော လိုအပ်နေသည့် ဒေသလုံခြုံရေးကို အမြန်ဆုံးဆောင်ရွက်ပေးဖို့ အစိုးရဝန်ထမ်းများကို ဥပဒေအရ အကာအကွယ်နှင့် အာမခံချက်ပေးဖို့ အကြမ်းဖက်ကျူးလွန်သူများကို ဖမ်းဆီးအရေးယူရန်တို့ကို ဦးသန်းဌေးက တိုက်တွန်းပြောဆိုသည်။

ယနေ့ (စက်တင်ဘာ ၁၀ ရက်) ရန်ကုန်မြို့ သံလွင်လမ်းရှိ USDP အစည်းအဝေခန်းမတွင် ပြုလုပ်သည့်  " အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲ "ကို နိုင်ငံတကာ အဖွဲ့အစည်း တချို့မှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်တချို့နှင့် ပညာရှင်တချို့ တက်ရောက်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုအနေဖြင့်လည်း ရခိုင်ကိစ္စသည် နယ်မြေဆုံးရှုံးသွားခြင်းမျိုးမဟုတ်သော်လည်း ပြန်လည်တည်ဆောက်ရေးကို ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းတိုင်ပင်ပြီး ဂရုပြုကိုင်တွယ်သွားရမည်ဖြစ်ကြောင်း စက်တင်ဘာလ ၉ ရက် ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required