မန်စီးတီးဂိုးသမားအီဒါဆင်အား လီဗာပူးလ်တိုက်စစ်မှူးမာနေး ပြန်လည်တောင်းပန်

မန်စီးတီးဂိုးသမားအီဒါဆင်အား လီဗာပူးလ်တိုက်စစ်မှူးမာနေး ပြန်လည်တောင်းပန်

စက်တင်ဘာ ၁၀၊ အင်္ဂလန် ။           ။ မန်စီးတီးအသင်းက လီဗာပူးလ်အသင်းကို ၅-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် မန်စီးတီးဂိုးသမားအီဒါဆင်၏မျက်နှာအား လီဗာပူးလ်တိုက်စစ်မှူးမာနေးက ကန်မိခဲ့သည့်အတွက် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

မာနေး၏ ကန်ချက်ကြောင့် အီဒါဆင်မှာ ကွင်းအတွင်းအောက်ဆီဂျင်ပေးခဲ့ရပြီး အရန်ဂိုးသမားဘရာဗိုနှင့် လူစားလဲခဲ့ရသည်။ ထိုဖြစ်ရပ်အတွက် ပွဲအပြီးတွင် မာနေးက အီဒါဆင်ကို အင်စတာဂရမ်မှ တစ်ဆင့်ပြန်လည်တောင်းပန်သွားခဲ့သည်။

“အီဒါဆင်အမြန်ဆုံးပြန်လည်သက်သာလာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ကွင်းအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆထိခိုက်မှုမှာ သူ့ကိုအလွန်နာကျင်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ပွဲချိန်ပြည့်မကစားနိုင်ခဲ့တဲ့အတွက်လည်း တောင်းပန်ပါတယ်။ ဒဏ်ရာတွေအမြန်ဆုံးပျောက်ကင်းပြီး အမြန်ဆုံးဘောလုံးပြန်ကစားနိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်။ သူက တကယ့်ဂိုးသမားကောင်းတစ်ဦးပါ” ဟု မာနေးက စာရေးသားတောင်းပန်ခဲ့သည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း မာနေးကို အပြစ်တင်ခြင်းမရှိခဲ့ဘဲ အီဒါဆင်၏မျက်နှာတွင် အရိုးကျုးခြင်းမရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။

“မာနေးက အီဒါဆင်ကို ထိခိုက်စေဖို့ ရည်ရွယ်ချက်မရှိပါဘူး။ သူက ဘောလုံးကိုပဲ အာရုံစိုက်နေတာပါ။ အီဒါဆင်ကို သူမမြင်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ကန်ချက်ကြောင့် ထိခိုက်မှုကတော့ ကြီးမားခဲ့ပါတယ်။ အီဒါဆင်ရဲ့မျက်နှာမှာ အရိုးကျိုးတာတွေ၊ ဘာတွေ မရှိပါဘူး။ မကြာခင်အချိန်အတွင်း သူပြန်ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဂွါဒီယိုလာက ဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required