အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးပြဿနာများအတွက် ပါမောက္ခ ဦးမောင်မောင်ခင်နှင့် တွေ့ဆုံခြင်းအပိုင်း(၃)

အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးပြဿနာများအတွက် ပါမောက္ခ ဦးမောင်မောင်ခင်နှင့် တွေ့ဆုံခြင်းအပိုင်း(၃)

ကျွန်တော်တို့ ဒီတစ်ခေါက်ဆွေးနွေးသွားမယ့် အစီအစဉ်ကတော့ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကိုဆွေးနွေးထားတာတွေကိုအပိုင်း (၃) အနေနဲ့ ပြန်လည်ထုတ်လွှင့်ပေးလိုက်ပါတယ် ခင်ဗျ။

မဇ္ဈိမ-ကိုမျိုးဇော်ဆိုတဲ့ သူကပြောထားတာပါ။ မြန်မာနိုင်ငံမှာလူစီးကားလေးတွေ ကိုဒီဇယ် ကားတွေအစားကာဗွန်အထွက်နည်းတဲ့ ဓာတ်ဆီကား Hybrid ကားတွေ ပိုသုံးဖို့ လိုအပ် မလိုအပ်နဲ့ တစ်နိုင်ငံလုံး Gas မီးဖိုတွေ သုံးနိုင်ဖို့ အစိုးရအနေနဲ့ စီမံကိန်းချလုပ်ဆောင်ဖို့လိုမလိုဆရာကြီးအမြင်လေးသိပါရစေ။

Prof: U MaungMaung Kin-ကျွန်တော်တို့ ကမ္ဘာမှာလည်းဓာတ်ဆီသုံးတဲ့ ကားတွေ နည်းအောင် လျှပ်စစ်ကားတွေ ထုတ်နေပါပြီခင်ဗျ။ လျှပ်စစ် ကားတွေကအမေရိကားမှာတော့ နာမည်ကြီးကုမ္ပဏီ နှစ်ခုသုံးခုလောက် ရှိပါတယ် ခင်ဗျ။ ဒီ လျှပ်စစ်ကားတွေ ရောက်လာရင်တော့ ပတ်ဝန်းကျင် ညစ်ညမ်းမှု နည်းသွားမှာပေါ့။ ဒါပေမယ့် လောလောဆယ်မှာတော့ ဒီဟာတွေကရှိနေအုံးမှာပဲခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကားကလည်းလိုအပ်တဲ့ အသုံးဆောင်တစ်ခု ဖြစ်နေတော့ အစိုးရအနေနဲ့တော့ ရန်ကုန်မြို့ကြီးမှာဒီလောက် ကားတွေ ကျပ်နေတာတောင်မှ ဒီကား Taxiတွေ လျော့မလား။ ဘယ်ဟာလျော့မလဲဆိုတဲ့ ဒီဟာကနည်းနည်းတော့ အခက်အခဲရှိပါတယ်ခင်ဗျ။

မဇ္ဈိမ-ရဲဝင်းသိန်းဆိုတဲ့ တစ်ယောက်ကမေးလာတာက နှာခေါင်းအရင်းနားကပိတ်ပါတယ်။ နှပ်မထွက် သလိပ်မထွက်ပါ အသက်ကိုတစ်အားဆောင့်ရှုလိုက်ရင် ဘယ်ဘက်ရင်အုံကစူးရှပါတယ်။ အသက်ကောက်ကောင်းရှုလို့ မဝပါဘူး။ ကျေးဇူးပြုပြီးအကြံပေးပါ ခင်ဗျာ။

Prof-U MaungMaung Kin-နှာခေါင်းကလည်းအသက်ရှူလမ်းကြောင်းမှာပါတော့ ဒီရာသီဥတုအကူးအပြောင်းဆိုရင် နှာစေးတဲ့ ရောဂါကလည်းတစ်ခုခုနဲ့ မတည့်တဲ့ အခါကျရင် နှာ အမြဲစေးနေတာပေါ့။ နှာအမြဲစေးနေရင် အသက်ရှူလမ်းကြောင်းမှာရှိတဲ့ဟာလေးတွေကနည်းနည်းလေးရောင်ရမ်းလာပါတယ်။ အဲဒီအခါကျရင်တော့ ရှူရခက်တဲ့ အနေထားရှိပါတယ်။ ဒါပေမယ့် တစ်ချို့ကျတော့လည်းအသက်ရှူလမ်းကြောင်းမှာ နှာအသီးတွေ ရှိပါတယ်။ အဲဒါမျိုးကျရင်တော့ နား၊ နှာခေါင်းဆရာဝန်နဲ့ သွားပြပြီးတော့ ကုသင့်ပါတယ်။ တကယ်လို့ အသီးတွေ ပါတွေ ရှိရင် အသီးတွေပါတွေ ဖြတ်ပေးတာရှိပါတယ် ခင်ဗျ။

မဇ္ဈိမ-နော်ဆေးအဲဆိုတဲ့ တစ်ယောက်ကမေးလာတာကတော့ ဆရာကြီးရှင့် ကျွန်မအမေသည် ချောင်းအဆက်မပြတ် ဆိုးပါသည်။ သလိပ်လည်းထွက်ပါသည်။ သလိပ်စစ်တော့ ပိုးမတွေ့ပါ ဓာတ်မှန်ရိုက်လည် အကုန်ကောင်းပါသည်။ တီဗီဆေးသောက်ထားတာက ၁၉၉၇ ခုနှစ်ကပါ။ ဘယ်လိုလုပ်ဆောင်ရမည်ကိုညွှန်ကြားပေးလိုပါတယ် လို့ မေးလာပါတယ်။

Prof-U MaungMaung Kin-ဒီဟာကတော့ သေချာပြန်ပြီးတော့ စစ်ဆေးရမှာပေါ့နော်။ ချောင်းဆိုးတာက ကျွန်တော်တို့ အမျိုးမျိုးရှိပါတယ် ခင်ဗျ။ အကြာကြီးများသောအားဖြင့် ဆိုးတဲ့ သူတွေကတော့ ဆေးလိပ်သောက်တဲ့ သူတွေ များပါတယ်။ ဆေးလိပ်ကြာကြာသောက်ရင် အသက်ကြီးလာရင် ဘာဖြစ်သလဲဆိုရင် အဆုတ်ပွတဲ့ ရောဂါပေါ့။ အဲလိုဖြစ်လာရင် တစ်နှစ်ပတ်လုံးချောင်းဆိုးတတ်ပါတယ်။ အဲခါကျရင် ဆေးလိပ်ဖြတ်လိုက်မှ ပျောက်ပါတယ်။ နောက်တစ်ခုကအသက်ရှူလမ်းကြောင်းထဲမှာရောင်ရမ်းမှုတို့ကိုစစ်ဆေးရမယ်။ ဆိုလိုတာက ကျွန်တော်တို့ အသက်ရှူလမ်းကြောင်းထဲမှာအသီးတွေ ရှိလား။ အလုံးတွေ ရှိလားအဲဒါတွေ ရှားပြီးတော့ စစ်ရပါတယ်။ နောက်တစ်ခုကတော့ အခြားစစ်ဆေးမှုတွေကသူကသလိပ်မှာတော့ ပိုးမရှိဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အခြားပိုးတွေပေါ့။ တီဗီပိုးမဟုတ်ဘဲနဲ့ အခြားပိုးတွေကြောင့်လဲချောင်းဆိုးနိုင်ပါတယ်။ ဒါပေမယ့် များသောအားဖြင့်တော့ ကိုယ်ခံအားနည်းတဲ့ သူတွေမှာ ဖြစ်တတ်ပါတယ်။ သေချာစစ်ဆေးဖို့တော့ လိုပါတယ်။

မဇ္ဈိမ- ကျွန်တော်ကြားဖူးတာပေါ့နော်။ ဆေးလိပ်အသောက်များပြီးလက်ဖြတ်လိုက်ရတယ်လို့ ခြေထောက်ဖြတ်လိုက် ရတယ်လို့ အဲတာမျိုး ကြားဖူးတာ။ အဲတာကြတော့ ဘာဖြစ်တာလဲခင်ဗျ။

Prof-U MaungMaung Kin-ဒီဆေးလိပ်သောက်ခြင်းရဲ့ အကျိုးဆက်ပေါ့။ ဆေးလိပ်သောက်ခြင်းဟာအဆုတ်ပွတာနဲ့ အဆုတ်ရောင်တာပဲပြောတာပေါ့နော်။ ကျွန်တော်တို့ အခြားရောဂါတွေ အနေနဲ့ ဘာတွေ ရှိလဲဆိုတော့ အဓိကကတော့ သွေးကြောကျဉ်းတဲ့ ရောဂါပေါ့။ အချို့ ဆေးလိပ် အရမ်းသောက်တဲ့ သူတွေမှာခြေထောက်တွေ လက်တွေမှာရှိတဲ့ သွေးကြောလေးတွေကကျဉ်းကျဉ်းသွားတယ် ခင်ဗျ။ ကျဉ်းကျဉ်းသွားတဲ့ အခါမှာတော့ ဒီခြေထိပ် လက်ထိပ်ကိုသွားတဲ့ သွေးတွေကနည်းနည်းသွားတယ်။ နည်းသွားတော့ ကြာတဲ့ အခါမှာထုံပြီးတော့ ထိခိုက်ဒဏ်ရာရလည်းမသိတော့ဘူး။ အဲခါကျတော့ တစ်ချို့ သွေးမလျှောက်တဲ့ အခါကျတော့ ခြေထိပ် လက်ထိပ်တွေ မဲလာတာပေါ့။ သူကဆေးလိပ်ဖြတ်လိုက်မှ လျော့တယ်။ နို့မို့ဆိုရင် ဖြစ်တာပေါ့လေ။ နောက်တစ်ခုကသွေးကြောတွေ မာလာတာ။ ကျွန်တော်တို့ နှလုံးရောဂါ ဖြစ်တယ်ဆိုတာ နှလုံးကိုသွားတဲ့ သွေးကြောတွေကဆေးလိပ်ကြောင့် သွေးကြောနံရံတွေကထူလာပြီးတော့ တစ်ဖြေးဖြေးနဲ့ ပိတ်သွားတာပေါ့နော်။ နှလုံးရောဂါ ဖြစ်တဲ့ ရောဂါထဲမှာ နှလုံးသွေးကြောပိတ်တဲ့ ရောဂါလည်းပါတယ်။ နောက် ခြေထောက်ကိုလက်ကိုသွားတဲ့ သွေးကြောတွေ ပိတ်တဲ့ ရောဂါလည်းရှိတယ် ခင်ဗျ။ နောက်တစ်ခြားရောဂါတွေ အများကြီးပဲရှိပါတယ်။ ဒါပေမယ့် အဲဒါ အဓိကထင်ရှားတဲ့ ရောဂါတွေကိုပြောတာပေါ့။

မဇ္ဈိမ-အဆုတ်နဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ် ဆေးလိပ်နဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ် အခုနကပြောတဲ့ အဆုတ်ကင်ဆာဖြစ်မယ်။ သွေးကြောကျဉ်းတဲ့ ပြဿနာ ဖြစ်မယ်။ နှလုံး ဖြစ်မယ်ပေါ့နော်။ နောက်ရောဘာရှိနိုင်သေးလဲဆရာကြီး။

Prof-U MaungMaung Kin-ဆေးလိပ်သောက်ခြင်းကအခြားကင်ဆာတွေလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ ဖြစ်တဲ့ ကင်ဆာပေါ့။ ဥပမာဆိုလို့ ရှိရင် အစာမြိုလမ်းကြောင်းကင်ဆာပေါ့။ ဒါပေမယ့် အတိအကျတော့ ကျွန်တော်ကမပြောနိုင်ဘူးပေါ့။ အထဲကကင်ဆာတော်တော်များများကဆေးလိပ်သောက်ခြင်းနဲ့ ဆက်စပ်နေတယ်လို့ ပါတယ် ခင်ဗျ။ ဒါပေမယ့် အဆုတ်ကင်ဆာကတော့ အဓိကပေါ့။

မဇ္ဈိမ-လင်းနစ်ဆန်းဦးဆိုတဲ့ တစ်ယောက်ကမေးလာတာတော့ အဒေါ်တစ်ယောက် မန္တလေးမှာအဆုတ်ကင် ယူ၍ စစ်ဆေးနေပါသည်။ အသားစစစ်ရမယ် ပြောနေပါတယ်။ ရန်ကုန်လာပြချင်ပါတယ်။ ဆက်သွယ်လို့ ရမယ့် လိပ်စာဖုန်းနံပါတ် လိုချင်ပါတယ် ခင်ဗျာ။

Prof-U MaungMaung Kin-ရန်ကုန်မှာအဆုတ်ရင်ခေါင်းခွဲစိပ်ကုဌာနရှိပါတယ်။ ဒီစိန်ဂျွန်းနားကကုတင် ၅၀၀ က ကျွန်တော်တို့ အဆုတ်ကင်ဆာတွေကိုရှာဖွေတယ်။ ကုသတယ်။ ခွဲစိပ်တယ်။ လိုအပ်ရင် ကျွန်တော်တို့ ဓာတ်ရောင်ခြည် ပေးတာတို့ တစ်ခါတည်းစစ်ပါတယ်။ အဲဒီကိုလာပြလို့ ရပါတယ်။

မဇ္ဈိမ-နောက်တစ်ယောက်ကမေးလာတာတော့ အဆုတ်ကိုအားကောင်းအောင် ဘယ်လိုလုပ်ရမလဲလို့ မေးလာပါတယ် ခင်ဗျ။

Prof-U MaungMaung Kin-အဆုတ်အားကောင်းတဲ့ ဆေးရယ်လို့ သပ်သပ်မရှိပါဘူး။ ဒါပေမယ့် နံပါတ်တစ် အချက်ကဆေးလိပ်တွေ ရှောင်ရမယ်။ လေထုညစ်ညမ်းတဲ့ နေရာတွေ ရှောင်ရမယ်။ နောက် ဓာတ်ရောင်ခြည် ရှိတဲ့ နေရာတွေကိုရှောင်ရမယ်။ စောစောကလေ့ကျင့်ခန်းလုပ်ပေးခြင်းဟာတစ်နေ့ကိုနာရီဝက် တစ်နာရီလေ့ကျင့်ခန်းလုပ်ခြင်းဟာအဆုတ်ရဲ့ လေရှူအားကိုပိုပြီးတော့ ကောင်းစေနိုင်ပါတယ်။

မဇ္ဈိမ-အခုနတုန်းက ကျွန်တော်တို့ ပြောခဲ့တဲ့ အထဲမှာ ကျွန်တော်တို့ လျှပ်စစ် မသုံးနိုင်တဲ့ ဒေသတွေမှာထင်းမီးကိုသုံးတာ။ ဒီမီးခိုးတွေကနေ ပြီးတော့ အဆုတ်ထဲအသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်တယ်လို့ ဆရာကြီးနဲ့ ကျွန်တော်နဲ့ ဆွေးနွေးခဲ့တာရှိပါတယ်။ ဒီမှာတစ်ယောက်ကမေးလာတာကတော့ တော်တော်လေးကိုသဘောကျစရာကောင်းပါတယ်။ သူကဘာမေးထားလဲဆိုတော့ ထင်းမီးအစားမီးမရတဲ့ နေရာမှာထင်းမီးမဖြစ်မနေသုံးနေတဲ့ တောသူတောင်သားတွေ အနေနဲ့ ဘယ်လိုကာကွယ် ရမလဲဘယ်လိုမီးကိုသုံးရမလဲဆိုတာကျေးဇူးပြုပြီးဖြေပေးပါ ဆရာကြီး။

Prof-U MaungMaung Kin-ကျွန်တော်တို့ တကယ်တမ်းကတော့ ထင်းမီးရှို့တဲ့ အခါကျတော့ အငွေ့တွေ ထွက်တာပေါ့နော်။ အဲဒီအငွေ့တွေ ထွက်တဲ့ လမ်းကြောင်းပေါ့။ တော်တော်များများကခေါင်းတိုင်မရှိဘူး။ မီးဖိုမှာတကယ်တမ်းခေါင်းတိုင်လေးနဲ့ ပေးရင် အဲဒီဟာကအပြင်ကိုထွက်သွားမှာပေါ့နော်။ မဟုတ်ရင်တော့ မီးခိုးငွေ့တွေဟာတစ်အိမ်လုံးကိုပတ်ပြီး ကျွန်တော်တို့ အိမ်နားမှာမီးမွှေးရင်တောင်မှ ဒီအနံတွေကရတာပေါ့နော်။ သူ့ကိုမီးခိုးထွက်တဲ့ လမ်းကြောင်းလေးအဓိကကတော့ ခေါင်းတိုင် လုပ်ပေးရပါမယ် ခင်ဗျ။

မဇ္ဈိမ-နောက် တစ်ယောက် မေးလာတာကတော့ ချောင်းဆိုးတာသုံးပတ်ကျော်နေပါပြီ။ ချောင်းယားပြီးခက်ခက်ခဲခဲချောင်းဆိုးနေရတယ်။ ထွက်တဲ့ သလိပ်ကအဖြူရောင် ရေနွေးဘဲသောက်နေတယ်။ ဆေးနည်းပေးပါအုံးခင်ဗျာ။

Prof-U MaungMaung Kin-ချောင်းဆိုးတာကအခုတလောတုတ်ကွေးပေါ့နော်။ တုတ်ကွေးဖြစ်ပြီးရင် ချောင်းဆိုးကချက်ချင်းမပျောက်ဘူးခင်ဗျ။ နည်းနည်းလေးကျန်နေတာပေါ့။ တစ်ခါတလေလေးငါးရက်လောက်နဲ့ မပျောက်ပါဘူး။ တစ်ချို့တွေ တစ်လခွဲလောက်မှ ပျောက်ပါတယ်။ အဓိကကတော့ ချောင်းဆိုးတာကြောင့် အဆုတ်ထဲကိုပိုးမဝင်သွားဖို့ အရေးကြီးပါတယ်။ ပိုးဝင်သွားတယ်ဆိုတာကထပ်ပြီးတော့ အခုဟာကတုတ်ကွေးကဗိုင်းရပ်ကြောင့် ဖြစ်တာပေါ့လေ။ နောက်တစ်ခုအသက်ကြီးတဲ့ သူတွေ အင်အားနည်းတဲ့ သူတွေကအဆုတ်မှာရောင်တဲ့ ပိုးထပ်ဝင်သွားရင် အဆုတ်ရောင်တဲ့ ရောဂါ ဖြစ်တတ်ပါတယ်။ အဲတာမျိုး ဖြစ်ရင်တော့ တိတိကျကျ ပြန်ကုဖို့ လိုပါတယ်။ ပိုးကဘာပိုးဝင်သွားလဲပိုးကိုသေချာစမ်းသပ်ဖို့ လိုပါတယ်။ သလိပ် ပါတဲ့ ပိုးသူနဲ့ တည့်တဲ့ ပိုးသတ်ဆေးကဘယ်ဆေးနဲ့ တည့်လဲ။ ကျွန်တော် တစ်ခါတည်းစမ်းပြီးသားပေါ့လေအဲတာမျိုးတစ်ခါတည်းကုသဖို့ လိုပါတယ်။

ဆက်လက်ဖော်ပြပါမည်-

အပိုင်း(၁) အား ကြည့်ရန်အတွက်-http://www.mizzimaburmese.com/article/31758

အပိုင်း(၂) အား ကြည့်ရန်အတွက်-http://www.mizzimaburmese.com/article/31803

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly